စက်တင်ဘာ၂၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကို စစ်ကြောင်းထိုးလာသည့် အာဏာသိမ်း စစ်တပ်နှင့် ဒေသအခြေစိုက် တော်လှန်ရေး ပူးပေါင်းတပ်တို့ သိန်ခွန်းရွာတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကြောင်းရှေ့မတိုးနိုင်သေးဟု ဒေသခံများက ပြောသည်။
စစ်တပ် စစ်ကြောင်းထိုးချိန်တွင် လေကြောင်းမှ ဗုံးကြဲ ပစ်ကူပေး တိုက်ခိုက်နေပြီး စစ်ကြောင်းကို စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ-၁၃) ဦးဆောင်ကာ ခြေလျင်၊ ခြေမြန် တပ်ရင်း ၄ ရင်း၊ အမြောက် လက်နက်ကြီး တပ်ရင်းတစ်ရင်းနှင့် အထူးဒရုန်း တပ်ဖွဲ့ ၃ ဖွဲ့ပါဝင်သည်ဟု တော်လှန်ရေးတပ် သတင်းရင်းမြစ်ထံမှ သိရသည်။
“အခုလက်ရှိ စစ်ကြောင်းက မောတောင်နယ်စပ်မှာဘဲရှိသေးတယ် အဓိကက အဲ့ဒီနယ်စပ်က စကစ တပ်ရင်း နှစ် ရင်းကို အင်အားဖြည့်ပြီး မနှစ်ကတည်းက အောင်တံခွန်စစ်ကြောင်းဆိုပြီး စစ်ကြောင်းထိုးနေတာမျိုးရှိတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ နယ်စပ်ကုန်သွယ်ရေးလမ်းပေါ် သိန်ခွန်းရွာအနီးတွင် စက်တင်ဘာ ၇ ရက်နေ့မှစ၍ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်က ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်နှင့် နီးစပ်သူက ပြောသည်။
“အခုက နှစ်ဖက်တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတော့၊ စကစ ဘက်က အထိနာတာ ဖြစ်တဲ့အတွက် ပေါင်၅၀၀ ဗုံးသီးအများစုကို သုံးပြီးတော့ ဗုံးလာကြဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
သို့သော် သိန်ခွန်းရွာအနီးတွင်သာ ကျရောက်ပေါက်ကွဲ၍ အရပ်သားများ ထိခိုက်မှုမျိုးမရှိသော်လည်း တော်လှန် ရေး ရဲဘော်များ ထိခိုက်မှုများ ရှိသည်ဟု ၎င်းတို့ထံမှ သိရသည်။
မောတောင် ကုန်သွယ်ရေးလမ်း ပြန်ထိန်းချုပ်ရန် စစ်ကြောင်းထိုးလာသော်လည်း ရှေ့တိုးမရ ဖြစ်နေသေးပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများ ယနေ့ထိ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင် များကို ကူညီနေသူများက ပြောသည်။
“အနီးအနားက ရွာတော်တော်များများက အခုချိန်ထိ မပြန်ရဲကြသေးတာတွေ များတယ်။ ဘာလို့ဆို လေယာဉ် မကြာခဏလာတဲ့အတွက် သူတို့ ပြန်မသွားရဲဘူး။ ရာသီဥတု အခြေအနေကလည်း မိုးတွေရွာနေလို့ သူတို့အတွက် နေရေး ထိုင်ရေးတွေ တော်တော် ခက်ခဲလာတယ်။ အမိုးအကာတွေ အခင်းတွေ မလုံလောက်မှုတွေ ကတော့ ကြုံ တွေ့နေရတုန်းပါဘဲ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
တနင်္သာရီတိုင်းတွင် ရေး-ထားဝယ်လမ်းမကြီးကို ညအချိန် မသွားလာရန် တော်လှန်ရေးပူးပေါင်းတပ်များက စက်တင်ဘာ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားကြောင်း သိရသည်။



















