Home သတင်း မုဒုံ-ကြာအင်းဆိပ်ကြီး လမ်းပိုင်း ပြန်ထိန်းချုပ်ရန် စစ်တပ် စစ်ကြောင်းထိုး

မုဒုံ-ကြာအင်းဆိပ်ကြီး လမ်းပိုင်း ပြန်ထိန်းချုပ်ရန် စစ်တပ် စစ်ကြောင်းထိုး

517
Photo: CJ

စက်တင်ဘာ ၁၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ မုဒုံ-ကြာအင်းဆိပ်ကြီးလမ်း၊ ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး လမ်းပိုင်းကို အာဏာသိမ်း စစ်တပ်က ပြန်ထိန်းချုပ်နိုင်ရေး စစ်ကြောင်း ထိုးလာ သည်ဟု တော်လှန်ရေးတပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ လမ်းပိုင်းကို ပြန်ထိန်းချုပ်နိုင်ရေး စစ်တပ်က မုဒုံ၊ ချောင်းနှစ်ခွ ဘက်ခြမ်းမှ စစ်ကြောင်း တစ်ကြောင်းနှင့် ကြာအင်းဆိပ်ကြီး မြို့ရှိ ၎င်းတို့ တပ်ရင်းများမှ စုပေါင်း စစ်ကြောင်းတစ်ကြောင်း နှစ်ဖက်ညှပ်ကာ စစ်ကြောင်းထိုး လာခြင်း ဖြစ်သည်။

ယနေ့ နောက်ဆုံးရရှိသည့် ရှေ့တန်းသတင်းများအရ ကြာအင်းဆိပ်ကြီးဘက်မှ စစ်ကြောင်းသည် ယခင်နှစ်များက တိုက်ပွဲများအတွင်း ပျက်စီးသွားသည့် ဒါလီတံတားကို ကျော်သွားပြီး ဖြစ်သည်ဟု သိရ သော်လည်း တော်လှန်ရေး တပ်များက ကြားဖြတ်ဟန့်တား တိုက်ခိုက်နေသည့်အတွက် စစ်ကြောင်းနှစ်ကြောင်း မပေါင်းဆုံနိုင်သေးဟု ရှေ့တန်းရှိ တော်လှန်ရေးပူးပေါင်းတပ် တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“သူတို့က ချောင်းနှစ်ခွ ဆိပ်ကြီးလမ်းကို ရအောင်ပြန်ယူဖို့ စစ်ကြောင်းတက်လာတာ။ တစ်ကြောင်းဘဲတက်လာရင် မလွယ်တော့ ဆိပ်ကြီးမှာရှိတဲ့တပ်က စစ်ကူပြန်ဆင်းတာ။ ဆင်းတဲ့အဖွဲ့က ဒါလီတံတားတော့ကျော်ပြီး။ ဒါပေမယ့် စစ်ကြောင်းနှစ်ကြောင်းက မဆုံသေးဘူး။ ကျနော်တို့ ကြားဖြတ်တိုက်ခိုက်ထားတော့ တက်လာတဲ့အဖွဲ့လည်း ထိုး ဖောက်မတက် နိုင်သေးဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စစ်ကြောင်းထိုးစဉ် တိုက်ပွဲဖြစ်ကာ လက်ကြီးများလည်းပစ်ခတ်သည့်အတွက် မုံဒုံ-ကြာအင်းဆိပ်ကြီး လမ်းပေါ် အနီးနားရှိ ကျေးရွာများဖြစ်သည့် သံပုရာရွာ၊ ထခနိမ်းရွာ၊ ဘုရားကုန်း ၊ မရစ်ရွာနှင့် အနီးတဝိုက်သို့ စစ်တပ်က ဒရုန်းနှင့် ပစ်ခတ်သည့်အတွက် အောင်ချမ်းသာရွာရှိ ဒေသခံတချို့ တိမ်းရှောင်နေရ သည်ဟု သိရသည်။

ထို့အပြင် ကြာအင်းဆိပ်ကြီးမြောက်ပိုင်း၊ ဆိပ်ကြီး-ကော့ကရိတ်ဆက်သွယ်ထားသည့် လမ်းပိုင်းကိုလည် ပြန်လည် ထိန်းချုပ်နိုင်ရန် စစ်တပ်က စစ်ကြောင်းထိုးလာပြီး လှိုင်ဝရွာအထိ စစ်ကြောင်းရောက်ရှိလာသလို တော်လှန်ရေး ပူး ပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်သည့််အတွက် ရှေ့တိုး၍ မရဘဲ လှိုင်ဝရွာ ဘုရားကုန်းပေါ်၌ တပ်စွဲထားသည် ဟု မြေပြင်ဒေသခံ တာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိ စစ်တပ်က ကေအဲန်ယူနှင့် မဟာမိတ်တပ်တို့ ထိန်းချုပ်ထားသည့် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ကျုံဒိုး၊ မြဝတီမြို့နယ်တို့တွင် မြို့ပေါ်မှလွဲ၍ မြို့နယ်အတွင်းရှိ ကျေးရွာများဘက်သို့ နယ်မြေပြန်စိုးမိုးနိုင်ရေး အင်အား ဖြည့် စစ်ကြောင်းထိုးလာနေသည်ဟု ဒေသအသီးသီးမှ ရရှိသည့် သတင်းများအရ သိရသည်။