Home သတင်း လောင်းလုံး ဝေဒီရွာ ဗုံးကြဲခံရပြီး အပြစ်မဲ့ အရပ်သား ၃ ဦး သေဆုံး

လောင်းလုံး ဝေဒီရွာ ဗုံးကြဲခံရပြီး အပြစ်မဲ့ အရပ်သား ၃ ဦး သေဆုံး

479
Photo: CJ

စက်တင်ဘာ ၁၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ဝေဒီကျေးရွာအတွင်းသို့ အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၁၇၊ နေ့ လည် ၁၂ နာရီ ဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၃ ဦး သေဆုံးသွားသည်ဟု ကေအဲန်ယူ၊ တပ်မဟာ(၄)၊ မြိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဝေဒီကျေးရွာ ဗုံးကြဲခံရမှု ဖြစ်စဉ်တွင် ကျေးရွာတွင်း နေထိုင်သူ ဒေါ်တင်ရှိန် အသက် (၆၀) နှစ်၊ သမီးဖြစ်သူ (အမည်၊အသက် စုံစမ်းဆဲ)နှင့် ကိုဝေယံဖြိုး အသက် (၃၀) နှစ်တို့ ဗုံးစထိမှန် သေဆုံးသွားသည်ဟု ကေအဲန်ယူ- ကရင် အမျိုးသားအစည်းအရုံး၊ မြိတ်- ထားဝယ်ခရိုင်တာဝန်ရှိသူက ပြောသည်။

“စကစ ဘက်ကစပြီးတော့မှ စိုးဝင်း ထားဝယ်ကိုရောက်လာတဲ့အတွက် Y 12 စစ်ထောက်ပို့ လေယာဉ်နဲ့ ရွာတွေကို နယ်မြေရှင်းလင်းတဲ့သဘောနဲ့ 120 mm ဗုံးသီးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တာပါ” ဟု ၎င်းက ကေအိုင်စီ သို့အတည်ပြု ပြောဆိုသည်။

ထို့အပြင် ဗုံးကြခံရမှုကြောင့် ကျေးရွာအတွင်းနေထိုင်သူ အသက် (၆၀) နှစ်အရွယ် ဦးယူစိန်၊ အသက် နှစ် နှစ်အောက် ကလေးငယ် နှစ်ဦးနှင့် အခြား ကလေးတစ်ဦး အပါ စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

အလားတူ ထားဝယ်ခရိုင်အတွင်းရှိ ရက်ချောင်းမြို့နယ်မှ ဥတ္တူကျေးရွာ၊ ကင်းရှေ့ကျေးရွာနှင့် မိုးရွှေကုန်းရွာ တဝိုက် တွင်လည်း စစ်တပ်က လေကြောင်းမှ ဖြင့်ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်များအတွင်း စစ်တပ်က လေကြောင်းမှ ဆက်တိုက် ဗုံးကြဲနေသည့်အတွက် ဒေသခံပြည်သူများ အထူးသတိထားနေထိုင်ရန် ထားဝယ်ခရိုင်သပိတ် ကော်မတီက သတိပေးချက် ထုတ်ပြန်ထားသည်ဟု သိရသည်။