Home သတင်း ထိုင်းအစိုးရက မြန်မာဒုက္ခသည် ၄၀,၀၀၀ ကျော်အား တစ်နှစ်သက်တမ်း အလုပ်လုပ်ခွင့်ပြုမည်

ထိုင်းအစိုးရက မြန်မာဒုက္ခသည် ၄၀,၀၀၀ ကျော်အား တစ်နှစ်သက်တမ်း အလုပ်လုပ်ခွင့်ပြုမည်

843

စက်တင်ဘာ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံအတွင်း ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် မြန်မာဒုက္ခသည် ၄၀,၀၀၀ ကျော်အတွက် တရားဝင် အလုပ်လုပ်ခွင့်ပြုမည့်အစီအစဉ်ကို ထိုင်းအစိုးရက အတည်ပြုလိုက်သည်ဟု ထိုင်းသတင်းဌာန The Nation ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါအစီအစဉ်အရ လာမည့် အောက်တိုဘာ ၁ ရက် မှစတင်ကာ တစ်နှစ်သက်တမ်းရှိသည့် ယာယီ အလုပ်လုပ်ခွင့် (Work Permit) များကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုင်းပြည်ထဲရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေသည့် ယခု အစီ အစဉ်သည် မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနဘူရီနှင့် ရတ်ချဘူရီ ခရိုင်အတွင်းရှိ ဒုက္ခသည်စခန်း ၉ ခုတွင် နေထိုင် သူများအတွက် ပါဝင်မည်ဖြစ်ပြီး အလုပ်လုပ်ခွင့်လက်မှတ်ကို စခန်းတွင်း နေထိုင်သူ များကိုသာ ထုတ်ပေးမည်ဟု ဆိုသည်။

မယ်လ ဒုက္ခသည်စခန်းရှိ နေထိုင်သူ ဒုက္ခသည် အမျိုးသမီးတစ်ဦးက“လောဆယ် ကဒ်ကိစ္စနဲ့ ပတ် သက်ပြီး ဘာမှတော့ လုပ်ဆောင်တာ မရှိသေးဘူး။ ဘာပဲဖြစ်ဖြစ် တော်တော်များများက ဝမ်းသာ တာပေါ့။ စိတ်လည်း ဝင်စားကြတယ်။ တချို့ကျတော့ သူတို့ပို့တဲ့နေရာပဲ သွားရမယ်ဆိုတော့ စိုးရိမ်ကြ တာလည်း ရှိတယ်။ ဒါပေမယ့် ပိုက်ဆံရှာရမယ့် အလုပ်ဆိုတော့ တော်တော်များများကတော့ ဒီလိုမျိုး လှောင်ပိတ်မိတာထက်စာရင် ဘယ်လိုပဲ ဖြစ်ဖြစ် စွန့်စားပြီး ထွက်ချင်နေကြတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ဒုက္ခသည်များသည် ဦးစွာ အလုပ်လုပ်ခွင့်ရရန်အတွက် စခန်းအတွင်းမှထွက်ခွင့် ရယူရမည် ဖြစ်ပြီး ပြည်နယ်အုပ်ချုပ်ရေးဌာနတွင် မှတ်ပုံတင်ခြင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက် တင်သွင်းရမည်ဖြစ်သည်။

ထို့နောက် အလုပ်အကိုင်ရုံးမှ လျှောက်ထားသူများ၏ ကျွမ်းကျင်မှုအဆင့်အတန်းအပေါ် မူတည်၍ လျှောက်ထားသူများ၏ လက်သမား၊ ပန်းရံလုပ်ငန်းများအပြင် အခြားအခြေခံအသက်မွေးကျောင်း လုပ်ငန်းများအထိ စစ်ဆေးပြီးမှသာ အလုပ်ရှင်နှင့် ချိတ်ဆက်ကာ အလုပ်စာချုပ် ချုပ်ဆိုပေးမည်ဟု ဖော်ပြထားသည်။

၎င်းအပြင် အလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ်မရရှိမီ ကျန်းမာရေးစစ်ဆေးမှုခံယူရန်နှင့်အာမခံရှိရန် လိုအပ်ပြီး အလုပ်လုပ်ခွင့်လက်မှတ်များသည်လည်း အများဆုံးတစ်နှစ်အထိသာ အကျုံးဝင်မည်ဖြစ်သောကြောင့် သက်တမ်းကုန်ဆုံးပါက အလုပ်သမားများသည် စခန်းသို့ ပြန်လာရမည်ဟု ဆိုသည်။

အလုပ်သမားများကိုလုပ်သားရှားပါးမှု ကြီးကြီးမားမား ရှိနေသည့် နေရာများဖြစ်သည့် ရရောင်းနှင့် ချန်သာဘူရီကဲ့သို့ စက်မှုနှင့် စိုက်ပျိုးရေးအချက်အချာ ဧရိယာများသို့ စေလွှတ်သွားမည် ဖြစ်ကာ ၎င်းတို့ကို ထိုင်းနိုင်ငံသားများအတွက် သီးသန့်သတ်မှတ်ထားသော အလုပ်များကို လုပ်ကိုင်ခွင့်ပြုမည် မဟုတ်ကြောင်း အသိပေးထားသည်။

ယခု အစီအစဉ်သည် အလုပ်သမားရှားပါးမှုကို ဖြေရှင်းနိုင်သည့်အပြင် ဒုက္ခသည်များအတွက် တရားဝင် အလုပ်လုပ်ခွင့်ရှိလာခြင်းကြောင့်တရားမဝင်အလုပ်လုပ်ခြင်းမှ အန္တရာယ်လျော့နည်းလာရန်အတွက် ဖြစ်သည်ဟု ထိုင်းအစိုးရက ရှုမြင်ထားသည်။

ထိုင်းအစိုးရအဖွဲ့အနေဖြင့် ဒုက္ခသည်များအား အလုပ်လုပ်ခွင့်ပြုမှု အစီအစဉ်ကို ပြီးခဲ့သည့် ဩဂုတ် ၂၆ ရက်နေ့တွင် ကျင်းပသည့်အစည်းအဝေးတစ်ရပ်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် ထိုင်းနိုင်ငံရှိ မယ်‌ဟောင်‌ဆောင်ခရိုင်၊ တာခ့်ခရိုင်၊ ကန်ချန ဘူရီခရိုင်များတွင် ကရင်ဒုက္ခသည် စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည်စခန်း ၂ခုရှိကာ လူဦး‌ရေစုစု‌ပေါင်း တစ်သိန်း‌ကျော်ရှိ‌ကြောင်း TBC က ထုတ်ပြန်ထားသည်။