Home သတင်း စစ်အုပ်စုနှင့်သုံးနှစ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်သေဆုံးဟု MSRF ဆို

စစ်အုပ်စုနှင့်သုံးနှစ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်သေဆုံးဟု MSRF ဆို

736
Photo: MSRF

စက်တင်ဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်တွင် ၂၀၂၂ ခုနှစ်မှ ဩဂုတ်လ ၂၀၂၅ ခုနှစ်အထိ အာဏာသိမ်းစစ်အုပ်စုနှင့်မွန်ပြည်တော်လှန်ရေးတပ်-MSRF တို့ တိုက်ပွဲပေါင်း ၇၀ နီးပါးဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က တပ်ဖွဲ့ဝင် ၃၆၉ ဦးသေဆုံးခဲ့သည်ဟု MSRF က ၎င်းတို့စစ်ရေးသုံးနှစ်ပြည့် အစီရင်ခံစာတွင် ဖော်ပြသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလက ရေးမြို့နယ် ခေါဇာရဲစခန်းတိုက်ပွဲမှအစပြု၍ လက်ရှိ မွန်နှင့်တနင်္သာရီအကြားက တိုက်ပွဲများအထိ MSRF ၏ စစ်ရေးအရှိန်ဆက်လက်မြင့်တက်နေပြီး ၂၀၂၅ ခုနှစ်အတွင်းပင် စစ်ကောင်စီဘက်ကသေဆုံးသူ ၂၂၉ ဦးရှိခဲ့သည်ဟု ထိုအစီရင်ခံစာက ဆိုသည်။

ထို့အပြင် နှစ်ဖက်တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိသူ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၇၀ နီးပါးရှိခဲ့ကြောင်းလည်း MSFR က ဖော်ပြထားသည်။

မွန်ပြည်နယ်အပါအဝင် တနင်္သာရီတိုင်းဒေသကြီး ရေဖြူ၊ ကလိန်အောင်၊ သရက်ချောင်းနှင့် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သံဖြူဇရပ်-ရေး-ထားဝယ်လမ်းပိုင်းတို့၌ မဟာမိတ် တော်လှန်ရေးလက်နက်ကိုင်တပ်များနှင့် ပူးပေါင်းစစ်ရေးလုပ်ဆောင်နေသည့် MSRF မှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ-MSFC ၏တပ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။

Photo: MSRF

ကွဲပြားသော မွန်လက်နက်ကိုင်များတပ်များကို စုစည်းပြီး တစ်ခုတည်းသောမွန်တပ်တော် ပေါ်ထွန်းရေးအတွက် ယခုနှစ် ဇန်နဝါရီက ဖွဲ့စည်းခဲ့သည့် ရာမညစစ်ကြောင်းတွင်လည်း မွန်ပြည်လွတ်မြောက်ရေးတပ်တော်-MLA၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA-AD၊ မွန်ပြည်ကာကွယ်ရေးတပ်-MSDF တို့နှင့်အတူ MSRF က ပါဝင်ထားသည်။

ထို့အတူ ပြီးခဲ့သည့် ဩဂုတ် (၂၇) ရက်နေ့မှစတင်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)၊ နည်း ဗျူဟာ(၃၃)တပ်ဖွဲ့နှင့်ပူးပေါင်း၍ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းပြီး ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်းလည်း MSRF က အတိအလင်း ကြေညာခဲ့သည်။

အလားတူ ထိုင်း-မြန်မာနယ်စပ်မျဥ်းပေါ်တွင်ရှိနေသည့် နတ်အိမ်တောင်စခန်းသို့လာသော စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်သည့်တိုက်ပွဲများနှင့် မွန်-တနင်္သာရီအကြားရှိ တိုက်ပွဲများတွင်လည်း ကရင့်လက်နက် ကိုင်တပ်များနှင့် စစ်ရေးပူးပေါင်းလုပ်ဆောင်နေကြောင်း အင်အားစုများထံမှ သိရသည်။