Home သတင်း ကြိုမှန်းထားသလို တော်လှန်ရေးတပ်နှင့် စစ်တပ်တို့ လေးကေကော်အနီး လက်နက်ကြီး အပြန်အလှန်စပစ်

ကြိုမှန်းထားသလို တော်လှန်ရေးတပ်နှင့် စစ်တပ်တို့ လေးကေကော်အနီး လက်နက်ကြီး အပြန်အလှန်စပစ်

554
Photo: CJ

စက်တင်ဘာ ၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့ တောင်ဘက် လေးကေကော်ဒေသသို့ ကြိုမှန်းထားသည့်အတိုင်း အာဏာသိမ်း စစ်တပ်က စစ်ကြောင်းဝင်ရန် ကြိုးစားလာ၍ စက်တင်ဘာ ၂၁ ရက်နေ့ နေ့လည်ပိုင်းမှစပြီး ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်-KNLA၊ မဟာမိတ် တော်လှန်ရေးတပ်များနှင့် အာဏာသိမ်းစစ်တပ်တို့ လက်နက်ကြီး အပြန်အလှန် စတင်ပစ်ခတ်နေသည်ဟု နယ်မြေတာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ရရှိထားသည့် နောက်ဆုံးသတင်းများအရ စစ်တပ်စစ်ကြောင်းက မေတ္တာလင်းမြိုင်ရွာနှင့် လေးကေကော်ကြားသို့ ရောက်ရှိနေပြီး လက်နက်ကြီးအပြန်အလှန်ပစ်ခတ်နေသလို တော်လှန်ရေးတပ်များ လေးကေကော်မြို့သစ်ကို ထိန်းချုပ်ထားဆဲ ဖြစ်သည်ဟု နယ်မြေတာဝန်ရှိသူက ပြောသည်။

“စစ်တပ်နဲ့ အပြန်အလှန်လက်နက်ကြီးနဲ့ ပစ်ခတ်တာရှိတယ်။ သူတို့ မေတ္တာလင်းမြိုင်နဲ့ လေးကေကော်ကြားထဲ မှာ ရှိနေတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်က စက်တင်ဘာ ၁၅ မှ ယနေ့ ၂၂ ရက်နေ့ အတွင်း လေးကေကော်ဘက်သို့ ကျောက်ဂူ၊ မယ်‌ထော်သလေး၊ လက်ခတ်တောင် နေရာများဘက်မှ မြေပြင်စစ်ကြောင်း ၃ ကြောင်း ခန့်မှန်း အင်အား ၅၀၀ ကျော်ဖြင့် ဝင်ရောက် ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီး လက်နက်ကြီး ကြိုပစ်ခတ် နေခြင်း ဖြစ်သည်ဟု KNLA မဟာမိတ်တပ်ဖွဲ့ ရှေ့တန်း သတင်းရင်းမြစ်က ပြောသည်။

“စစ်တပ်စစ်ကြောင်းတွေ လေးကေကော်နားကပ်ဖို့ လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတယ်၊ မစ်ဇိုင်းတွေ၊ ‌ဟောင်ဝှစ်ဇာတွေ၊ ဒရုန်းတွေနဲ့ သူပစ် ကိုယ်ပစ်ဖြစ်နေတာ။ မြေပြင်ကတော့ လေးကေကော် ဂွင်ထဲဝင်မလာ သေးဘူး” ဟု ၎င်းက ပြောသည်။

ထိုသို့ KNLA မဟာမိတ်တပ်များနှင့် အာဏာသိမ်း စစ်တပ်တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်တပ်စစ်ကြောင်းများ လှုပ်ရှား နေရာဘက်တွင် ထိခိုက်မှုရှိနေသည်ဟု ကနဦးသတင်းရရှိထားသည်။

“စစ်တပ်ကို KNLA ဘက်က ပြန်ပစ်တာမှာ စစ်ကြောင်းတွေ ထိခိုက်တာရှိတယ်၊ သူတို့ထိတော့ လေးကေကော်၊ ရသေ့ဂူဘက် ဆက်တိုက်ပစ်ထုတ်နေတယ် အလုံးကြီး တွေ။ ကျောက်ဂူဘက်က စစ်တပ် စစ်ကြာင်းတွေကို ထိတာမျိုးသိထားတယ်၊ သူတို့ဒရုန်းတွေနဲ့ အရပ်သားရွာတွေဘက်ကို ပစ်ချတာ မင်းလက်ပံရွာဘက် ကျတာရှိနေတယ်။ အရပ်သားတွေသောင်းရင်းမြစ်ဘေး နေရာတွေမှာ ရှောင်နေကြတယ်” ဟု ဖလူးကျေးရွာ သတင်းအရင်းအမြစ်က ပြောသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ လေးကေကော်ဘက်သို့ စစ်ကောင်စီ ဗုံးကြဲလေယာဉ် ပျံဝဲနေသည်ဟု သိရပြီး ဗုံးကြဲချခြင်း မပြုလုပ်သေးကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့တွင် လေးကေကော်အနီး စစ်တပ်၏ စွယ်တော်အမြောက် ကုန်းကို KNLA၊ PDF မဟာမိတ်တော်လှန်ရေးတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လေးကေကော်ဒေသတွင် စစ်တပ် ကင်းစင်နယ်မြေ ဖြစ်သွားပြီး တော်လှန်ရေးတပ်က အပြည့်အဝထိန်းချုပ်ကာ အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

လတ်တလော လေးကေကော် ဒေသကို စစ်တပ်က စစ်ဆင်တိုက်ခိုက် နေသလို မြဝတီ အာရှလမ်းပိုင်း၊ ဒေါန တောင်လမ်းဟောင်းနှင့် ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းများတွင်လည်း နှစ်ဘက် တပ်ဖွဲ့ များ တိုက်ပွဲ နေ့စဉ် ရက်ဆက် ဖြစ်ပွားနေကြောင်း စစ်မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-(၆)၊ ဒူးပလာယာခရိုင်အတွင်း ကေအဲန်ယူ၊ စီမံအုပ်ချုပ်နယ်မြေများထဲသို့ အဘက်ဘက်မှ စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမှုများရှိနေပြီး တော်လှန်ရေးပူးပေါင်းတပ်များက ခုခံတွန်းလှန်တိုက်ခိုက် လျက်ရှိနေကြောင်း သိရ သည်။ ကေအိုင်စီအနေဖြင့် ရရှိထားသည့် တိုက်ပွဲသတင်းများကို စိစစ်အတည်ပြုကာ သင့်တော်သည့်အချိန်တွင် ဆက်ထုတ်ပြန် ပေးသွားမည်ဖြစ်သည်။