Home သတင်း ထိုင်းတွင် ဖမ်းဆီးခံရပြီးနောက် ပြန်ပို့ချိန် စစ်သားစုဆောင်းခံရသူ ၂ ဦး ဘက်ပြောင်းခိုလှုံ

ထိုင်းတွင် ဖမ်းဆီးခံရပြီးနောက် ပြန်ပို့ချိန် စစ်သားစုဆောင်းခံရသူ ၂ ဦး ဘက်ပြောင်းခိုလှုံ

482
Photo: KNU

စက်တင်ဘာ ၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပလောက်မြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ ၂၈၀) တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး ဘက်ပြောင်းခိုလှုံလာသည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုက်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တပ်သား ၂ ဦးသည် စက်တင်ဘာ ၂၀ ရက်နေ့တွင် ဒေသအခြေစိုက် ကရင်အမျိုုးသား လွတ်မြောက်ရေး တပ်မတော်- KNLA တပ်မဟာ-၄၊ တပ်ရင်း ၁၁ ထံသို့ အလင်းဝင်ဘက်ပြောင်းခိုလှုံခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၂ ဦးသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ချိန်တွင် အထောက်အထား မစုံလင်၍ ဖမ်းဆီး ခံရပြီး ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ခြင်း ခံရသူများ ဖြစ်သည်။

ထို့နောက် ကျွန်းစုမြို့ရှိ စစ်ကောင်စီတပ်က အတင်းအဓမ္မ စစ်မှုထမ်းအဖြစ် စုဆောင်းပြီး စစ်သင်တန်း ၃ လတက်ပြီးနောက် ယခုတိုက်ပွဲများဖြစ်ပွားနေသည့် သိန်းခွန်း‌ရွာဘက်သို့ အပို့ခံရချိန် ထွက်ပြေးလာခြင်းဖြစ်သည်ဟု မြိတ်-ထားဝယ်ခရိုင် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အာဏာသိမ်း စစ်တပ်က ထိုင်းဘက်မှ ပြန်ပို့သူ လူငယ်များကို ကော့သောင်းမြို့တွင် လက်ခံပြီးနောက် ပြန်လွှတ် ပေးခြင်းမရှိဘဲ စစ်မှုထမ်းသင်တန်းကျောင်းများသို့ ပို့ဆောင်ကာ တပ်သားသစ်များအဖြစ် စုဆောင်းနေကြောင်း ဘက်ပြောင်ခိုလှုံလာသည့် စစ်မှုထမ်းတပ်သားသစ်များ၏ ထုတ်ဖော်ပြောဆိုချက်များအရ သိရသည်။