စက်တင်ဘာ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် ၁၀ နှစ်ပြည့် နှစ်ပတ်လည်ပွဲသို့ စစ်ကောင်စီနှင့်အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ (7 EAO alliance) မှ ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်း ထိုအဖွဲ့အစည်းအဝေးမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော NCA နှစ်ပတ်လည်အခမ်းအနားနှင့်အလုပ်ရုံဆွေးနွေးပွဲ အစီအစဥ်ဆိုင်ရာ 7 EAO alliance ၏ ဦးဆောင်အဖွဲ့အစည်းအဝေးမှ အပစ်ရပ်အဖွဲ့အားလုံး ပွဲတက်ရောက်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်ဟု ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA ဘက်က ပြောသည်။
“ဘယ်သူတွေတက်ကြမလဲ ဆွေးနွေးတော့ တင်ပြလာတဲ့အပေါ်မှာ အကုန်လုံးတက်ကြမယ်ဆိုတဲ့ သဘောတူညီချက်ရတယ်။ သွားတက်ပြီးပြန်လာတဲ့အချိန် နှစ်ပတ်လည်ပြီးရင်ပေါ့ အလုပ်ရုံ ဆွေးနွေးပွဲလည်းရှိတယ်။ အဲဒီပွဲမှာတော့ နှစ်ပတ်လည်ပွဲတက်ရတဲ့အပေါ်ဘာတွေလိုအပ်ချက်ရှိလဲ။ ဘာတွေဖြည့် စွက်ဖို့ရှိလဲ။ အားသာချက် အားနည်းချက်တွေကို ပြန်တင်ပြဆွေးနွေးဖို့ရှိမယ်” ဟု DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်းအထိ စစ်ကောင်စီနှင့်ဆက်ဆံရေးရှိနေသည့် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-PC၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ ပါဝင်သော အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ကိုယ်စားပြု 7 EAO alliance ကို ၂၀၂၄ ခုနှစ် မတ်လပိုင်းက ပြင်ဆင်ဖွဲ့စည်းထားသည်။
ထို့အတူ အောက်တိုဘာ ၁၅ ရက်နေ့တွင် ၁၀ နှစ်ပြည့်မည့် NCA နှစ်ပတ်လည်ပွဲအခမ်းအနားနှင့် အလုပ်ရုံ ဆွေးနွေးပွဲများကို စစ်ကောင်စီက နေပြည်တော်တွင် ၃ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေသည်။
အပစ်ရပ်လက်နက်ကိုင်များအပြင် NCA ရေးထိုးချိန်က ပါဝင်ခဲ့သည့် အသိသက်သေများ၊ ပြည်တွင်း၊ပြည်ပမှ အသိပညာရှင် အတက်ပညာရှင်များကိုပါ NCA ၁၀ နှစ်ပြည့်ပွဲသို့ ဖိတ်ကြားသွားရန် ရည်ရွယ်ထားကြောင်းလည်း ပွဲကျင်းပရေးကော်မတီအဖွဲ့မှ သိရသည်။
၂၀၁၅ ခုနှစ်နှင့် NLD အစိုးရလက်ထက်က နိုင်ငံတော်အဆင့် NCA လက်မှတ်ရေးထိုးရာ၌ လက်ရှိ 7 EAO alliance ၇ ဖွဲ့အပြင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကျောင်းသားတပ်မတော်-ABSDF နှင့် ချင်း အမျိုးသားတပ်ဦး-CNF တို့ ပါဝင်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက်တွင် စစ်တပ်နှင့် အချို့တိုင်းရင်းသားလက်နက်ကိုင်တပ်များ တိုက်ပွဲပြန်ဖြစ်နေသည်။
နှစ်ကုန်တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင်ပြီး စစ်တပ်နှင့်တိုက်ပွဲအပြင်းအထန် ဖြစ်ပွား နေသည့် ကေအဲန်ယူကိုမူ အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကောင်စီက ကြေညာထားပြီး ကေအဲန်ယူ ဥက္ကဋ္ဌအပါအဝင် ခေါင်းဆောင်များကိုလည်း ရွေးကောက်ပွဲ အကာအကွယ်ပေးရေးဥပဒေနှင့်ငြိစွန်းသည်ဟုဆိုကာ စစ်ကောင်စီက ယခုစက်တင်ဘာလအတွင်း အမှုဖွင့်ထားသည်။



















