Home သတင်း CI မှ PJ ပတ်စ်ပို့သို့ ပြောင်းလဲမှုအတွင်း ‘Thailand Only’ ကန့်သတ်မှု၊ ထိုင်းရှိ မြန်မာများ ဘေးကြပ်နံကြပ်စေရန် လုပ်ဆောင်ခြင်းဖြစ်ဟု...

CI မှ PJ ပတ်စ်ပို့သို့ ပြောင်းလဲမှုအတွင်း ‘Thailand Only’ ကန့်သတ်မှု၊ ထိုင်းရှိ မြန်မာများ ဘေးကြပ်နံကြပ်စေရန် လုပ်ဆောင်ခြင်းဖြစ်ဟု ဆို

587
Photo : Social Media

စက်တင်ဘာ ၂၈ ရက်၊ ၂၀၂၅ ခုနှစ် ။ ကေအိုင်စီ

အထောက်အထားမဲ့ မြန်မာများကို ထုတ်ပေးသည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) မှ အလုပ်သမားနိုင်ငံကူးလက်မှတ် (PJ Passport) စာအုပ်အဖြစ် ပြောင်းလဲရာတွင်’ Thailand Only ‘ (ထိုင်းနိုင် ငံတစ်ခုတည်းသာ) ကန့်သတ်မှုကြောင့် ထိုင်းရောက်မြန်မာများအတွက် ဘေးကြပ်နံကြပ်ဖြစ်စေရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ထိုင်းရောက်မြန်မာအလုပ်သမားများနှင့် ပတ်စ်ပို့အကျိုးဆောင်သူအချို့က ပြောဆိုသည်။

နိုင်ငံကူးလက်မှတ်တွင် ထိုင်းနိုင်ငံတစ်ခုတည်းသာ အသုံးပြုနိုင်သည့် ကန့်သတ်ချက်ကြောင့် PJ ပတ်စ်ပို့စာအုပ်သည် CJ စာအုပ်နှင့် ထူးမခြားနားအခြေအနေသာဖြစ်သည်ဟု မဲဆောက်ရောက် အသက် ၂၅ နှစ်အရွယ် မြန်မာရွှေ့ပြောင်းအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ပြောချင်တာကတော့ CJ ကနေ ပတ်စ်ပို့ကို ပြောင်းလို့ရတယ်။ ဒါပေမယ့် ရလာတဲ့ ပတ်စ်ပို့ စာအုပ် ကြီးက တံဆိပ်တုံးချည်းနဲ့ ဒီ Thai Only တံဆိပ်တုံးကြီးနဲ့ဆိုတော့ ဘာမှမထူးဘူးလေနော်။ အစိမ်းရောင်စာအုပ်ကနေ အနီရောင်စာအုပ်ကို ကာလာချိန်းသွားတဲ့ သဘောပဲ။ ရပိုင်ခွင့်ကတော့ ဒီထိုင်းနိုင်ငံမှာပဲ အသုံးပြုလို့ရ တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီဘက်မှာ ရောက်နေတဲ့ နိုင်ငံတွင်းကနေ အလုပ်ထွက်လုပ်တဲ့ လူတွေအကုန်လုံးကို ဘေးကြပ်နံကြပ်ဖြစ်အောင်လုပ်တဲ့ သဘောမျိုးအနေနဲ့ပဲ” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများကို မြန်မာပြည်သို့ မဖြစ်မနေပြန်သွားရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးလိုက်သည့် အခြေအနေကြောင့် မြန်မာရွှေ့ပြောင်းအများအပြားသည် ထိုင်းတွင် နိုင်ငံကူး လက်မှတ် သက်တမ်းကျော်၍ တရားမဝင်နေထိုင်ခြင်း (Overstay) ပြုလုပ်လာနိုင်ကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်သူများက ပြောသည်။

CI မှ PJ ပတ်စ်ပို့ လဲမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံတွင်းသာ အသုံးပြု သွားလာနိုင်သည့် ကန့်သတ်ချက်ကြောင့် စာအုပ်အနီ (PJ) လဲရန် စာရင်းပေးသွင်းထားသူအများစုသည် CI ကိုသာ ဆက်လက်ကိုင်ဆောင်ရန် ရှိနေသည်ဟု ဖူးခက်အခြေစိုက် ပတ်စ်ပို့အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံမှတဆင့် အခြားတတိယနိုင်ငံတစ်ခုခုသို့ အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး စသောအကြောင်းပြချက်များဖြင့် ထွက်ခွာလိုသည့် လူငယ်များကို လမ်းကြောင်း ပိတ်ဆို့လိုက်ခြင်း ဖြစ်ကြောင်းလည်း အဆိုပါအကျိုးဆောင်က ပြောသည်။

၎င်းက “နောက်ပိုင်း ဒီလို ထိုင်းနိုင်ငံကနေ အပြင်ကို အခြားနိုင်ငံကို၊ တတိယနိုင်ငံကို ထွက်လို့ မရအောင်လုပ်တဲ့ ပုံစံမျိုးဖြစ်တယ်။ အဓိကကတော့ အဲ့ဒီရည်ရွယ်ချက်ပဲ။ နောက်တော့ ဒီထိုင်းမှာက နိုင်ငံရေးပတ်သက်ပြီးတော့ ထောက်ပို့တွေလည်းများတယ်ဆိုတော့ တခြားနိုင်ငံထွက်ပြီးတော့ ရန်ပုံငွေရှာမယ့် ကလေးတွေလည်းရှိသလို ဒီကနေ အပြောင်းအလဲလုပ်ပြီးတော့ တတိယနိုင်ငံထွက်မယ့်ကလေးတွေလည်း ရှိတယ်ဆိုတော့ အဲ့လိုမျိုးလည်း ဖြစ်ချင်ဖြစ်သွားမယ်ပဲနော်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် အသက် ၁၈ မှ ၃၅ နှစ်အတွင်းရှိ မြန်မာ လူငယ် ၁၀ ဦးတွင် ၄ ဦးခန့်မှာ နိုင်ငံပြင်ပသို့ ထွက်ခွာလိုသည်ဟု ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ထုတ်ပြန်သော ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) ၏ ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့်လည်း ပြည်ပထွက်ခွာမည့် လူငယ်အများအပြားကို နည်းမျိုးစုံဖြင့် ကန့် သတ်နေပြီး ပတ်စ်ပို့လုပ်ငန်းစဉ်တင်းကြပ်ခြင်းအပြင် နောက်ဆုံးအကြိမ်အဖြစ် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့တွင်) ထိုင်းနိုင်ငံတွင်းသာ အသုံးပြုနိုင်သည်ဟု ကန့်သတ်လိုက်ခြင်းဖြစ်သည်။