Home သတင်း မြဝတီတောင်ပိုင်းတွင် ဒေသထွက် ဝဥများ ဈေးကောင်းပြီး အဝယ်လိုက်နေ

မြဝတီတောင်ပိုင်းတွင် ဒေသထွက် ဝဥများ ဈေးကောင်းပြီး အဝယ်လိုက်နေ

651
Photo: KIC

စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း ဝှေ့ရှမ်းမြို့နယ်၊ စုကလိဒေသဘက်တွက် ဒေသတွင်း ဝဥများ စျေးကောင်းရ၍ အဝယ်လိုက်နေကြောင်း ဝဥလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ဝဥကို ယခုစက်တင်ဘာလဆန်းပိုင်းမှစပြီး စတင်တူးဖော် ရောင်းချနေကြပြီး ယခင်နှစ်ထက် ဈေးကောင်းပေးဝယ်ယူကြသောကြောင့် အပြိုင်အဆိုင်လာရောက် ဝယ်ယူတင်ပို့ကြကြောင်း မုလအိတောင်ပေါ်အနီး ဝဥ စိုက်ပျိုးလုပ်ကိုင်သူ စောအခူးက ယခုလိုပြောသည်။

၎င်းက “ အရင်နှစ်ကဆို ၁ ကီလို ၆ ဘတ် ၈ ဘတ် ပဲ စျေးရခဲ့တယ်။ ဒီနှစ်က သူတို့ တစ်ကီလို ၁၁ ဘတ်ခွဲအထိ ပေးတယ်။ တဆင့်ခံ လာဝယ်တဲ့ သူတွေကျတော့ ၁ ကီလို ၁၅ ဘတ်လောက် ဈေးတွေ ခေါ်ကြတယ်။ လောဆယ် တူးတာလည်း မကုန်သေးတော့ ဘယ်လောက် ရမလဲ သေချာမပြော တတ်သေးဘူး။ ဒီဝဥ စိုက်တာတစ်ခုပဲ လုပ်လာတာဆိုတော့ နှစ်တိုင်း ဒီလိုပဲရောင်းလိုက် ထပ်စိုက် လိုက်ပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဒေသက ဒေသခံများသည် ဝဥကို စနစ်တကျ စိုက်ပျိုးကြသလို တောတောင်ထဲတွင် အလေ့ကျ ပေါက်သည့် ဝဥများလည်းရှိသည်။ ပင်ရင်း ရောင်းချသူများအနေဖြင့် တစ်ကီလိုကို ၁၀ ဘတ်ကနေ ၁၁ ဘတ်ခွဲအထိ စျေးပေါက်သလို လိုက်လံဝယ်ယူသည့်ကုန်သည်များကမူ တစ်ကီလို ၁၄ ဘတ် နှင့် ၁၅ ဘတ် စသဖြင့် စျေးအပြိုင် ပေးဝယ်ယူကြသည်။

ဝဥများကို ယခုလို မိုးနှောင်းကာလများတွင် စတင်တူး ဖော်ရောင်းချကြပြီး ဝယ်ယူ စုဆောင်းသည့် ကုန်သည်များအနေဖြင့် ထိုင်းဘက်ခြမ်းကို ပို့ဆောင်ကြသည်။ အချို့မှာ မြဝတီမြို့ကို ပို့ဆောင် ကြသည်ဟု ဝဥလိုက်လံဝယ်ယူ ရောင်းချသူ စောကျော်က ပြောသည်။

“ကျနော်တို့ကျတော့ တောင်ပေါ် တောတွေထဲကနေ သွားသယ်ပေးရတယ်။ အခုက လမ်းက တအား ခက်ခဲတယ်။ သယ်ခ၊ လူငှားခ အကုန်အပြီးအစီးတွက်လိုက်တော့ သူတို့ကို ၁၁ ဘတ်ခွဲအထိ စျေးပေး လို့ရတာပေါ့။ ကျနော်တို့ကျတော့ ဒီက အဝယ်ဒိုင်တွေဆီကို ၁၅ ဘတ်နဲ့ ပြန်ရောင်းလို့ရတယ်။ မြဝတီကို ပို့ရင်တော့ တစ်ပိဿာ ၃ထောင် စျေးပေါက်တယ်။ ဒါပေမဲ့ လမ်းမှာ ဂိတ်ကြေးတွေ အများကြီး ပေးရတာနဲ့ မကိုက်တော့ ဒီမှာပဲ ရောင်းလိုက်တယ်။ “ ဟု ၎င်းက ပြောသည်။

မြဝတီမြို့နယ် တောင်ပိုင်း ဒေသဘက်တွင် ဝဥများကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး တောင်ယာစပါး အချို့နှင့် ပြောင်းကို အဓိကထား စိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းပြုကြသည်။

ဝဥကို မတ်လတွင် စိုက်ပျိုးလေ့ရှိကြပြီး စိုက်ပျိုးသည့် ဥ၏သက်တမ်းပေါ်မူတည်၍ တစ်နှစ်တစ်ခါ သို့မဟုတ် ၂ နှစ် တစ်ခါတူးဖော်ရောင်းချလေ့ရှိကြသည်။ အဆိုပါ ဝဥကနေ ခေါက်ဆွဲခြောက်၊ အသားတု၊ အသားလုံး စသည်ဖြင့် စားသောက်ကုန်အမျိုးမျိုးထုတ်လုပ် အသုံးပြုကြသည်။