စက်တင်ဘာ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)နယ်မြေ/ဖားအံခရိုင်အတွင်း ဖမ်းဆီးရမိထားသည့် စိတ်ကြွမူးယစ်ဆေးအလုံးရေ စုစုပေါင်း ၆ သန်းကျော်ကို ယနေ့(စက်တင်ဘာ ၁၉)ရက်နေ့တွင် ကေအဲန်ယူ တပ်မဟာဌာနချုပ်နယ်မြေ၌ မီးရှို့ဖျက်ဆီးသည့် အစီအစဥ်ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ဧပြီလပိုင်းက ကေအဲန်ယူ ဌာနချုပ်ဟောင်းနယ်မြေ မာနယ်ပလောတွင် ဖမ်းဆီးရမိထားသည့် စိတ်ကြွ မူးယစ်ဆေး ၅ သန်းကျော်အပါအဝင် နဘူးမြို့နယ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မ ဟာ(၇)၊ တပ်ရင်း(၁၉)နယ်မြေတို့၌ ဖမ်းဆီးထားသည့် စိတ်ကြွဆေး ၁ သိန်းကျော်၊ စုစုပေါင်း ၆ သန်း ၁၁၇,၆၀၀ (တစ်သိန်းတစ်သောင်းခုနစ်ထောင်ခြောက်ရာ)လုံးကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
“မကြာခဏ မူးယစ်ဆေးတွေမိပေမဲ့ ဒီလောက်များတဲ့ ပမာဏမျိုး တစ်ခါမှ မမိဖူးဘူး။ နေရာ ၃ နေရာကနေ ဖမ်းမိတာ။ ပထမတစ်ခုက နဘူးမြို့နယ်မှာ တပ်ရင်း ၁၀၁ ကဦးဆောင်ပြီး ဖမ်းမိတာ အလုံးရေ တစ်သိန်းနှစ် သောင်းရှိတယ်။ နောက်တစ်ခုက နယ်စပ်လမ်းကနေလာပြီး မာနယ်ပလောမှာမိတာ။ နောက်ဆုံးက ၅ လပိုင်း လောက်မှာ တပ်ရင်း ၁၉ နယ်မြေမှာ အလုံးရေ လေးထောင်ကိုးရာ တစ်ပြားကိုမိတယ်” ဟု ဖားအံခရိုင်၊ KNPF ရဲမှူးချုပ် ဒုတိယဗိုလ်မှူးကြီး စောမောင်ကြည်က အစီအစဥ်တွင် ပြောသည်။
နယ်မြေအတွင်း ဖော်ပြပါ မူးယစ်ဆေးသယ်ဆောင်လာသူများအား KNPF ၏ ရဲလုပ်ငန်းစဥ်အတိုင်း ဖမ်းဆီး အရေးယူခဲ့ပြီးဖြစ်သည်ဟုလည်း ဒုတိယဗိုလ်မှူးကြီး စောမောင်ကြည်ထံမှ သိရသည်။
ကေအဲန်ယူအပါအဝင် ကရင့်လက်နက်ကိုင်လေးဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်ရေးလုပ်ငန်းကော်မတီ အနေဖြင့် ဖားအံခရိုင်အတွင်း မူးယစ်ဆေးသုံးစွဲရောင်းချ ထုတ်လုပ်ခြင်းနှင့်ပတ်သက်ပြီး ဥပဒေချမှတ် အရေး ယူမည်ဟု လက်မှတ်ထိုးသဘောတူထားသော်လည်း ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေးကြောင်း ဒေသခံတို့မှ ဝေဖန်ပြောဆိုမှုရှိခဲ့သည်။
ကေအဲန်ယူအနေဖြင့်မူ မူးယစ်ဆေး ရောင်းဝယ်ဖြန့်ဖြူးမှုနှင့်ပတ်သက်ပြီး ပါဝင်ပတ်သက်ဆောင်ရွက်ခြင်း မရှိသလို စိတ်ကြွမူးယစ်ဆေးက တစ်မျိုးသားလုံး၏ ရန်သူလည်းဖြစ်သည်ဟု ကေအဲန်ယူ ဗဟိုကော်မတီဝင် ပဒိုနော် ဒါးဒါးက ယနေ့ အစီအစဉ်တွင် ပြောသည်။

“ဒီလောက် အရေအတွက်များတဲ့ မူးယစ်ဆေးဝါးဟာ ကျမတို့ရဲ့ သားကောင်းသမီးကောင်းတွေကို ဘယ်လောက် ဖျက်ဆီးဦးမလဲတွေးကြည့်လိုက်တာနဲ့သိပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါး ဖမ်းပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်တယ်။ ကျမတို့က မူးယစ်ဆေးဝါးကို ကုန်မကူးဘူး။ လူအမျိုးမျိုး စိတ်အဖုံဖုံ၊ အဖွဲ့အစည်း ကွဲပြားနေ သော်လည်း ကေအဲန်ယူကတော့ ဒီအမှုနဲ့ ကင်းရှင်းပါတယ်။” ဟု ပဒိုနော်ဒါးဒါးက ပြောသည်။
ကေအဲန်ယူနယ်မြေအတွင်း မူးယစ်ဆေးရောင်းဝယ်စိုက်ပျိုးခြင်းနှင့် ဆေးဝါးထုတ်လုပ်သူများကို ကော်သူးလေရာ ဇဝတ် ဥပဒေ ပုဒ်မ ၁၈ဝ၊ ၁၈၁၊ ၁၈၂၊ ၁၈၃ နှင့် ၁၈၄ တို့ဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်း ပြဌာန်းဖော်ပြ ထားသည်။ ထို့အပြင် စာသင်ကျောင်းအတွင်းအပါအဝင် ကျေးရွာများတွင်လည်း ကေအဲန်ယူမှ မူးယစ်ဆေး အသိပညာပေးဆောင်ရွက်ခြင်းတို့ မကြာခဏလုပ်ဆောင်မှုရှိသည်။
သို့ရာတွင် ကျောင်းနေလူငယ်များအကြား မူးယစ်ဆေးစတင်သုံးစွဲမှုရှိလာပြီး ပညာရေးအဟန့်အတား ဖြစ်လာ သောကြောင့် တာဝန်ရှိသူများအနေဖြင့် ကျောင်းတွင်း အမြဲတမ်းအသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန်လို ကြောင်းလည်း ပညာရေးနယ်ပယ်က ထောက်ပြသည်။
ဖားအံခရိုင် ကရင်ပညာရေးမှူးဆရာစောဖလဲ့ထူးက “မူးယစ်ဆေးက ကလေးတွေရဲ့ ကျောင်းပညာရေးမှာ အခက် အခဲ အတားအဆီးတခု ဖြစ်စေတယ်။ ကျောင်းမတက်ချင်တော့တာတွေ တွေ့ရတယ်။ တာဝန်ရှိသူ၊ ခေါင်းဆောင် တွေ အနေနဲ့လည်း ဒါကိုပပျောက်ဖို့ အမြဲတမ်း အသိပညာပေးကို ကျောင်းတွေမှာ လိုက်ပေးဖို့ လိုတယ်။ ကျနော်တို့ ပညာရေးပိုင်းတာဝန်ရှိသူအနေနဲ့တော့ ဟောပြောပွဲတွေ လုပ်ဆောင်ရမှာ ဖြစ်တယ်။” ဟု အစီအစဥ်တွင် ပြောသည်။
ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် စိတ်ကြွမူးယစ်ဆေးပမာဏ ၆ သန်းကျော် မီးရှို့ဖျက်ဆီးသည့်အခမ်းအနားသို့ ဖားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေး၊ တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဒိကွယ်နှင့် ကေအဲန်ယူ ဗဟိုကော်မတီဝင်အချို့၊ KNPF မှ တာဝန်ရှိသူနှင့်တပ်ဖွဲ့များအပါအဝင် KNLA တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် မီဒီယာများနှင့် ကရင်လူငယ်များ စုပေါင်းပါဝင်ခဲ့ကြသည်။



















