Home သတင်း တော်လှန်ရေးအရှိန်မြှင့်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့နှင့် NUG သမ္မတတို့ ဆက်တိုက်တွေ့ဆုံ

တော်လှန်ရေးအရှိန်မြှင့်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့နှင့် NUG သမ္မတတို့ ဆက်တိုက်တွေ့ဆုံ

833
Photo - Social Media

စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

KNU -ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP နှင့် အမျိုးသားညီညွတ် ရေးအစိုးရ (NUG) တို့သည် စက်တင်ဘာလ နောက်ဆုံးအပတ်တွင် တော်လှန်ရေးအရှိန်မြှင့်ခြင်းနှင့် ရွေးကောက်ပွဲ ဆန့်ကျင်ရေးအတွက် ဆက်တိုက်တွေ့ဆုံခဲ့ကြကြောင်း သက်ဆိုင်ရာအဖွဲ့များက ထုတ်ပြန်သည်။

အွန်လိုင်းအစီအစဥ်ဖြင့် NUG ယာယီသမ္မတ ဒူဝါလရှီးလက စက်တင်ဘာ(၂၄)ရက်နေ့တွင် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနှင့်လည်းကောင်း ယမန်နေ့ (စက်တင်ဘာ ၂၉ ရက်) တွင် KNPP ဥက္ကဌ ခူဦးရယ်နှင့် လည်းကောင်း တွေ့ဆုံနွေးခဲ့ကြခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

“လက်ရှိ တော်လှန်ရေးကို ဘယ်လိုဆက်အရှိန်မြှင့်မလဲ ထိန်းသိမ်းမလဲ။ အခုသွားနေတဲ့အခင်းအကျင်းကို ဘယ်လိုပြုပြင်မလဲ။ လူထုအရေးအခင်းကို ဘယ်လိုပူးပေါင်းပြီးလုပ်ကြမလဲ ဆွေးနွေးတယ်။ ရှင်းရှင်းပြောရင် Reform ကိစ္စပေါ့၊ နိုင်ငံရေးကိုဒီထက်ကောင်းအောင် ဘယ်လိုပူးပေါင်းလုပ်မလဲ။ ဒါလေးတွေပါပဲ။ KNU နဲ့လည်း ကျနော်တို့ KNPP က တောက်လျှောက် ပြောနေကြတာရှိပါတယ်။” ဟု KNPP ၏အတွင်းရေးမှူး ဦးအောင် ဆန်းမြင့်က ပြောသည်။

NUG က စစ်အုပ်စုနှင့်တိုက်ပွဲဖြစ်နေသော ချင်းအမျိုးသားတပ်ဦး-CNF အပါအဝင် KNPP၊ KNU တို့နှင့်ပူးပေါင်းပြီး K2C အဖြစ်စုဖွဲ့ကာ စစ်ရေးအပြင် နိုင်ငံတကာ သံတမန်အရေးတွင်လည်း ပူးပေါင်းလှုပ်ရှားမှု ရှိသည်။

ကေအဲန်ယူနှင့် တွေ့ဆုံမှုတွင် ပြည်သူလူထု အေးချမ်းသာယာရေးနှင့် အာဏာရှင်စနစ်တိုက်ဖျက်ရေး၌ တော်လှန်ရေးအင်အားစုအချင်းချင်း နည်းဗျူဟာကျကျ ရှေ့ဆက် ပိုမိုခိုင်မာစွာ လက်တွဲဆောင်ရွက်ရန်နှင့် ရွေးကောက်ပွဲကို တညီတညွတ်တည်းဆန့်ကျင်ကြရေး ပြောဆိုခဲ့ကြသည်ဟုလည်း သက်ဆိုင်ရာအဖွဲ့ပြောခွင့်ရတို့မှ သိရသည်။

“တရားမဝင်ရွေးကောက်ပွဲလုပ်ပြီး စစ်အုပ်စုက နိုင်ငံရေးထွက်ပေါက်ရှာဖို့ကြိုးစားနေတဲ့အချိန်မှာ လက်မခံကြတဲ့ ကျနော်တိုအနေနဲ့ ညီညီညွတ်ညွတ်နဲ့ဆန့်ကျင်ကြဖို့ရယ်၊ ရှိနေပြီးသားညီညွတ်မှုကို ခိုင်မာစွာ လက်တွဲဖို့ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်” ဟု NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။

တော်လှန်ရေး၊ နိုင်ငံရေးသက်တမ်းရင့် KNU၊ KNPP တို့နှင့် NUG လက်အောက်ရှိ လက်နက်ကိုင်တပ်များသည် စစ်အုပ်စုကိုဘုံရန်သူအဖြစ်ထား၍ နိုင်ငံရေး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၎င်းတို့နယ်မြေအတွင်း ထိန်းချုပ်မှု ပိုမိုအားကောင်းအောင်၊ နယ်မြေချဲ့ထွင်အုပ်ချုပ်လာနိုင်အောင်၊ တပ်ဖွဲ့အင်အား တောင့်တင်းမှုရှိအောင် လုပ်ဆောင်လာနိုင်ခြင်းဖြစ်သည်။

ISP မြန်မာက ပြုစုထားသည့် မှတ်တမ်းအရ တစ်နိုင်ငံလုံးဖြန့်ကျက်ထားသည့် NUG လက်အောက်ရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-PDF အင်အား ခန့်မှန်း ၂ သိန်းကျော်ရှိသည်။ ကေအဲန်ယူတွင်လည်း ချွေစစ်၊ တိုက်စစ်ဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်စခန်းအများအပြားကို သိမ်းယူထားနိုင်ရုံသာမက ကရင်ပြည်နယ်၏ နယ်မြေ ၆၁ ရာခိုင်နှုန်းကိုလည်း ရရှိထားကြောင်း ပြီးခဲ့သည့် ဇူလိုင်လက ဖော်ပြခဲ့သည်။

၁၉၄၈ ကရင်နီအမျိုးသားတော်လှန်ရေး လှုပ်ရှားမှုမှ ပေါ်ပေါက်လာသည့် KNPP သည်လည်း ကရင်နီပြည်နယ်၌ ကရင်နီတပ်မတော်-KA နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ကဲ့သို့ အင်အားကြီးလက်နက်ကိုင်အဖွဲ့တို့ကို ဦးဆောင်မှုပေးနေပြီး စစ်အာဏာသိမ်းကာလတစ်လျှောက် ကရင်နီဒေသရှိ စစ်အုပ်စုစခန်းများသိမ်းယူနိုင်ရေး ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။