Home သတင်း စစ်အုပ်စုတပ် မုဒိမ်းကျင့်ခံရသည့် သရက်ချောင်းမှ မသန်စွမ်း အဘွားအို စိတ်ပိုင်းဆိုင်ရာ ထိခိုက်

စစ်အုပ်စုတပ် မုဒိမ်းကျင့်ခံရသည့် သရက်ချောင်းမှ မသန်စွမ်း အဘွားအို စိတ်ပိုင်းဆိုင်ရာ ထိခိုက်

354
Photo- CJ

စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်နေ့က စစ်အုပ်စုတပ်ဖွဲ့ဝင်တစ်ဦး၏ မုဒိမ်းကျင့်ခံရသော အသက် (၇၀) ကျော်အရွယ် မသန်စွမ်းအဘွားအိုမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုခံစားနေရကြောင်း အဘွားနှင့်နီးစပ်ရာဒေသအသင်းအဖွဲ့က ပြောသည်။

ရန်တောင်ရွာဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်မှ တပ်ဖွဲ့ဝင်တစ်ဦးက ခြေထောက် တစ်ဖက်ဖြတ်တောက်ထားရသည့် မသန်စွမ်းအဖွားအိုအား နေအိမ်၌တစ်ဦးတည်း ကျန်ရှိနေစဥ် မုဒိမ်းကျင့်မှု ကျူးလွန်သွားခြင်းဖြစ်သည်။

“အဖွားရဲ့သားသမီးတွေက မရှိတော့ဘူးလို့ ကြားတယ်။ လောလောဆယ် ဘေးလွတ်တဲ့နေရာမှာ ခေါ်ထားပြီး နီးစပ်ရာကပဲ စောင့်ရှောက်ထားရတာ။ ဖြစ်တဲ့အချိန်တုန်းက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်တာမရှိပေမယ့် စိတ်ပိုင်းဆိုင် ရာတော့ ထိခိုက်ထားတယ်။ စိတ်ဓာတ်ကျသွားတာပေါ့” ဟု ဒေသတွင်းအခြေစိုက် သပိတ်ကော်မတီအဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဘွားနှင့်အတူနေ ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးရှိသော်လည်း စစ်အုပ်စုတပ် ရွာထဲ စစ်ကြောင်းထိုး လာချိန်၌ ခြံဝင်းအတွင်းရောက်ရှိ ပုန်းအောင်းနေစဥ် အမှုအခင်းဖြစ်ပွားခဲ့ရခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာမှာ ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့ကစ တပ်စွဲပြီး ဥတ္တူကျေး ရွာ ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာသည့် အင်အား ၂၀၀ ဝန်းကျင်ရှိ အဆိုပါစစ်အုပ်စုတပ်ကြောင့် ထိုရွာ အပါအဝင် အနီးအနားရွာများတွင် လက်ရှိအချိန်ထိ စစ်ရှောင်နေရဆဲဖြစ်ကြောင်းလည်း သရက်ချောင်း ဒေသခံတချို့ထံမှ သိရသည်။

ဒေသခံအမျိုးသားတစ်ဦးက “စစ်ကြောင်းက ဥတ္တူရွာကတော့ ပြန်ထွက်သွားပြီ ဒါပေမဲ့ သူ့ရွာချင်းဆက်က ကျောက်လှေခါးရွာမှာ ရောက်နေတယ်။ စစ်ကြောင်းရှိတဲ့ရွာကလူတွေကတော့ အခုထိပြန်မရဲသေးဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

ရန်တောင်ရွာမှာ စစ်ကြောင်းရှိနေစဥ်ကလည်း နေအိမ်ထားပြီး ရှောင်ပုန်းကြသူ ဒေသခံတို့၏နေအိမ် ၃၁ လုံးအပါအဝင် သင်းကျွန်းရွာမှ အိမ် ၉ လုံးကိုလည်း ထိုစစ်အုပ်စုတပ်က မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။

ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများတွင် စစ်အုပ်စုတပ် စစ်ကြောင်းထိုး အင်အားလှည့်လည်မှု မကြာခဏရှိနေပြီး ဒေသခံပိုင်အိုးအိမ်ပစ္စည်းများကို စစ်ကြောင်းလှည့်ရင် မွှေနှောက်ဖျက်ဆီးသွားခြင်းတို့လည်း အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် ဇွန်လတုန်းကလည်း လောင်းလုံးမြို့နယ် ကညုံကျွန်းရွာကို စစ်ကြောင်းဝင်စဥ် အသက်(၇၀)အရွယ် အဘွားအိုတစ်ဦးကို စစ်အုပ်စုတပ်ဖွဲ့ဝင်က မုဒိမ်းကျင့်မှု ကျူးလွန်ခဲ့သေးသည်။