Home သတင်း မဲဆောက်ဈေးစည်း မကျော်ရ

မဲဆောက်ဈေးစည်း မကျော်ရ

367

ဩဂုတ် ၃၁၊ ၂၀၂၅။ ကေအိုင်စီ

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းဖြစ်ပွားခဲ့သော မဲဆောက်ဈေးက မြန်မာဈေးသည်များအကြား ဖြစ်ပွားသော ၂ ရက်ဆက်တိုက် ရန်ပွဲအကြောင်း ထိုင်းလူမှုကွန်ရက်များပေါ်တွင်ပျံ့နှံ့သွားခဲ့သည်။

ထိုရန်ပွဲကိုအကြောင်းပြုပြီး ထိုင်းလူမှုကွန်ရက်များတွင် မဲဆောက်ဈေးနှင့် ဖချလွန်ဈေးတဝိုက်ရှိ မြန်မာဈေးသည်များကို ရှင်းလင်းရန်၊ ဥပဒေအတိုင်းအရေးယူရန်၊ သန့်ရှင်းအောင်ဆောင်ရွက်ရန် မဲဆောက်ဈေးအာဏာပိုင်များကို ထိုင်းနိုင်ငံသားများက ဖိအားပေးခဲ့ကြသည်။

ထို့နောက်တွင် မဲဆောက်မြို့နယ်အာဏာပိုင်များသည် မဲဆောက်ဈေးတဝိုက် ဈေးသွားလာပြည်သူလုံခြုံရေးနှင့် အခြားသောအခြေအနေများအတွင်း မြန်မာရန်ပွဲအပြီး ရက်ပိုင်းအတွင်း ဈေးကို ဝင်ရောက်စစ်ဆေးခဲ့သည်။ယင်းစစ်ဆေးမှုများသည် ယခင်နှင့်မတူပဲ တစ်ရက်လျှင် အဖွဲ့စုံလာရောက်ကာ စစ်ဆေးနေခြင်းဖြစ်သည်။

နောက်ဆုံးရရှိထားသော အချက်အလက်များအရ မဲဆောက်၊ ဖချလွန်ဈေးတဝိုက်ကို အာဏာပိုင်များမှ စည်းတားလိုက်ပြီး စည်းကျော်ရင် ဒဏ်ငွေ ဘတ် ၂၀၀၀ ပေးဆောင်ရမည်ဖြစ်သည်။

ထိုသတ်မှတ်ချက်သည် ဈေးအတွင်းရောင်းချနေသော ထိုင်း၊ မြန်မာအားလုံးအတွက် အကျုံးဝင်ပြီး မလိုက်နာလျှင် ဥပဒေအရ အရေးယူမည်ဟု ဆိုသည်။
လတ်တလောတွင် မဲဆောက်ဈေးအတွင်း ဈေးဆိုင်များရောင်းအားကျဆင်းနေပြီး အဖွဲ့စုံ စစ်ဆေးမှုများ ရှိနေသည့်အတွက် သတိထားနေနေရသည်ဟု ဈေးသည်တစ်ဦးက ဆိုသည်။
၎င်းအပြင် တိုင်းတပါးတွင် လာရောက်လုပ်ကိုင်သော မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ စည်းကမ်းကို လိုက်နာရန်နှင့် မြန်မာအချင်းချင်း ထောင်လွှားမောက်မာခြင်းမလုပ်ရန် ဈေးသည်တစ်ဦးက တိုက်တွန်းသည်။