ဩဂုတ် ၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လက္ခဏကျေးရွာနှင့် တောင်ကလေးကျေးရွာတို့တွင် အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော်ကုန်ကျမည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်အုပ်စုထံမှ သိရသည်။
လက္ခဏကျေးရွာ၏ မြေဧရိယာ (၃၂၀) ဧကနှင့် တောင်ကလေးကျေးရွာ၏ ဧကမြေ (၄၀) ပေါ်တွင် ၈၀ မဂ္ဂဝပ်နှင့် ၁၀ မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ပေးမည့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော်ကို ရင်းနှီးမြှုပ်နှံထားပြီး Zeya & Associates ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်သည်။
အဆိုပါ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းကို ပြည်နယ်စစ်အုပ်စုက ခွင့်ပြုထားပြီးဖြစ်သလို တစ်နှစ်နှင့် ခြောက်လအတွင်း စက်ရုံလည်ပတ်၊ ဓာတ်အားပေးနိုင်ရန် အကောင်အထည်ဖော်မည်ဟု သိရသည်။
၎င်း လျှပ်စစ်ဓာတ်အားပေးစီမံကိန်းကို Zeya & Associates ကုမ္ပဏီကို နှစ် ၂၀ လုပ်ပိုင်ခွင့်ပြုထားပြီး နောက်ထပ် ၁၀ နှစ်အထိ သက်တမ်းတိုးမြှင့်နိုင်ကာ စုစုပေါင်း နှစ် ၃၀ လုပ်ပိုင်ခွင့်ပေးထားသည်ဟု ကုမ္ပဏီနှင့် ချုပ်ဆိုထားသော နှစ်ဦးသဘောတူစာချွန်လွှာတွင် ဖော်ပြထားသည်။

စီမံကိန်းအကောင်အထည်ဖော်မည့် Zeya & Associates ကုမ္ပဏီဘက်ကို ကေအိုင်စီက လုပ်ငန်းစီမံချက်အကြောင်း ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်အကြောင်းကြားပေးမည်ဟုသာ ကုမ္ပဏီတာဝန်ရှိသူက ပြောသည်။
ပြည်နယ်စစ်အုပ်စုနှင့် Zeya & Associates ကုမ္ပဏီတို့သည် ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့တွင် ပြည်နယ်စစ်အုပ်စုရုံး၌ တွေ့ဆုံဆွေးနွေးကာ စီမံကိန်းအချက်အလက်များ၊ မြေနေရာ၊ မြေငှားရမ်းသည့်ကိစ္စနှင့် ဓာတ်အား ဝယ်ယူရေးစာချုပ်ကိစ္စများ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
Zeya & Associates ကုမ္ပဏီအုပ်စုသည် မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ်မှစ၍ လေအား၊ ရေအားနှင့် နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်ဟု ကုမ္ပဏီအုပ်စု၏ ဝက်ဘ်ဆိုက်စာမျက်နှာပေါ်၌ ဖော်ပြထားသည်။
ထို့အပြင် အဆိုပါ ကုမ္ပဏီသည် ရှမ်း၊ ကရင်နီ၊ မွန်၊ ကရင်၊ တနင်္သာရီတို့ဒေသတို့အပါအဝင် မြန်မာနိုင်ငံ၏ နယ်မြေ ၃၇ ရာခိုင်နှုန်း၊ ကီလိုမီတာအားဖြင့် ၂ သိန်း ၅ သောင်းကျော်ကို လွှမ်းခြုံထားသည့် လေအားလျှပ်စစ်လုပ်ငန်းဖွံ့ဖြိုးရေးစီမံကိန်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်လည်း နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးထားကြောင်း သိရသည်။



















