Home သတင်း ဒုက္ခသည် စခန်း ၃ ခုရှိ ကျန်းမာရေးလုပ်သားများကို တာ့ခ်ခရိုင်ကျန်းမာရေးဌာနမှ ထောက်ပံ့ရန် စီစဉ်နေ

ဒုက္ခသည် စခန်း ၃ ခုရှိ ကျန်းမာရေးလုပ်သားများကို တာ့ခ်ခရိုင်ကျန်းမာရေးဌာနမှ ထောက်ပံ့ရန် စီစဉ်နေ

879

ဩဂုတ် ၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ ဒုက္ခသည်စခန်း ၃ ခုက ကျန်းမာရေးဝန်ထမ်း ၈၀ ဦးကို တာခ့်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထောက်ပံ့ပေးရန် စီစဉ်နေသည်ဟု ထိုင်း-မြန်မာနယ်စပ် ကွပ်ကဲမှု ဗဟိုဌာနက ဩဂုတ် ၃ ရက်နေ့ ထုတ်ပြန်ထားသည်။

ယခုဩဂုတ်လမှစ၍ ထိုင်းနယ်စပ်ရှိ ဒုက္ခသည် စခန်းများအားလုံးကို ရိက္ခာ ဖြတ်တောက်လိုက်ပြီး ဖြစ်သလို ကျန်းမာရေး ဝန်ဆောင်မှုများလည်း ဖြတ်တောက်ခံထားရသည့်အပေါ် ဝန်ဆောင်မှုလုပ်ငန်းများဆက် လည်ပတ် နိုင်ရန် ယခုလို ထောက်ပံ့ပေးရန် စီစဉ်နေခြင်းဖြစ်သည်။

အဆိုပါ ထောက်ပံ့မှုကို တာ့ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်သူ့ ကျန်းမာရေးစေတနာ့ဝန်ထမ်း (ဆေးတက္ကသိုလ်)တို့က ပူးပေါင်းပြီး ခရိုင်အတွင်းရှိ မယ်လ၊ အုန်းဖြန်၊ နိုဖိုးစသည့် စခန်း ၃ ခုရှိ ကျန်းမာရေး ဝန်ဆောင်မှု လုပ်သား ၈၀ ဦးကို တစ်လလျှင် တစ်ဦးကို ၂,၅၀၀ ဘတ် နှုန်း စုစုပေါင်း တစ်လ ဘတ် ၂၀၀,၀၀၀ ပံ့ပိုးသွားရန် စီစဉ်ထားသည်ဟု သိရသည်။

ယခုလို တာ့ခ်ခရိုင် ကျန်းမာရေးဌာနက ဒုက္ခသည်စခန်း ၃ ခုရှိ ကျန်းမာရေးလုပ်သားများကို ပံ့ပိုးမည့် အစီအစဉ် နှင့် ပတ်သက်၍ အကြောင်းကြားလာခြင်း မရှိသေး၍ အသေးစိတ်မသိရသေးကြောင်း မယ်လဒုက္ခသည်စခန်း ဥက္ကဌ စောဆန်းဒေးက ကေအိုင်စီသို့ ပြောသည်။

“ကျနော်တို့ မယ်လစခန်းမှာတော့ ဒီဩဂုတ်လကနေစပြီး မယ်တန့်(ထာ့ဆောင်ယန်း) ဆေးရုံက ဆင်းလာပြီး တာဝန် ယူတာရှိတယ်။ သူတို့က မယ်တန့်(ထာ့ဆောင်ယန်း) ဆေးရုံ၊ မယ်လမတ် ဆေးရုံ၊ ပြီးတော့မယ်တော် ကျောင်းသားဆေးခန်း၊ SMRU နဲ့ ပူးပေါင်းလုပ်ဆောင်တယ်။ ဒါပေမယ့် ဦးစီးတာက မယ်တန့် ဆေးရုံကဘဲ။ အဲဒါဘဲသိတယ်။ ထောက်ပံ့ပေးမယ့်ကိစ္စကတော့ ဘာမှမပြောလာတော့ မသိရသေးဘူး။ ကျန်းမာရေးဝန်ထမ်း တွေကတော့ ဩဂုတ်လကုန်အထိတော့ ထောက်ပံ့မှုရသေးတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ဒုက္ခသည် စခန်းတွင်းရှိ ရောဂါပြင်းထန်သူ လူနာများကို နီးစပ်ရာ ထိုင်းအစိုးရ ဆေးရုံးများ၌ သွားရောက်ကုသခွင့် ပေးထားသလို စခန်းထဲရှိ လိုအပ်သည့် ဆေးဝါးများကိုလည်း ထိုင်းပြည်သူ့ကျန်းမာရေး ဌာနမှ ထောက်ပံ့ရန်ဆွေးနွေးထားသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဒုက္ခသည်စခန်းတွင်းရှိ လူနာများ နီးစပ်ရာ ထိုင်းအစိုးရ ဆေးရုံများသို့ သွားရောက်ကုသမှုမျိုး ရှိနေပြီး ကုသစရိတ်သာ ကုန်ကျမှုမျိုး ရှိသည်ဟု ကြားသိရကြောင်း နိုဖိုး ဒုက္ခသည် စခန်းတွင် နေထိုင်သူတစ်ဦးက ယခုလို ပြောသည်။

”အခု စခန်းထဲမှာ ကုလို့မရရင် ထိုင်းဆေးရုံကိုဘဲ သွားပို့ပေးတယ်။ ဒါပေမယ့် အရင်လို IRC ပို့တဲ့ကားနဲ့တော့ မဟုတ်ဘူး။ ဆေးရုံက စီစဉ်တဲ့ကားနဲ့ဘဲ။ ပိုက်ဆံမကုန်ဘူးလားဆိုတော့ ကုသစရိတ် လောက်ဘဲကုန်တယ်လို့ ပြောတယ်။ ဒုက္ခသည်က လာတယ်ဆိုတော့ သူတို့အတင်းတောင်းတာတော့ မရှိပါဘူး” ၎င်းက ပြောသည်။

ယခု ဩဂုတ်လမှစ၍ ဒုက္ခသည်များကို ရိက္ခာဖြတ်တောက်လိုက်ပြီး ဖြစ်သည့်အတွက် ၎င်းတို့အတွက် ဆန်၊ ရိက္ခာခြောက် ထောက်ပံ့ရန် တာ့ခ်ခရိုင် လူမှု ဖွံ့ဖြိုးရေးနှင့် လုံခြုံရေးဌာနက ထိုင်း ဖောင်ဒေးရှင်းထံ တောင်းဆို ထားသည်ဟု သိရသည်။

ယခင်က ဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာနှင့် ကျန်းမာရေးစသည့် တို့အတွက် အမေရိကန် အစိုးရက စုစုပေါင်း ကုန်ကျစရိတ်၏ ၆၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးခဲ့သော်လည်း လက်ရှိ ကန်သမ္မတ ဒေါ်နယ်ထရန့် လက်ထက် တွင် ထောက်ပံ့မှုများကို ဖြတ်တောက် လိုက်ခြင်းဖြစ်သည်။

ယခုလို ရိက္ခာနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ဖြတ်တောက်လိုက်သည့်အတွက် ဒုက္ခသည်များ ဂုဏ်သိက္ခာရှိစွာ ကိုယ်တိုင် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် စခန်းအပြင်ထွက် အလုပ်လုပ်ခွင့်ပြုရန် နယ်စပ်ဒေသရှိ လူမှုအဖွဲ့ အစည်းများက ထိုင်းလွှတ်တော်ကော်မတီများထံ ဇူလိုင်လလယ်ပိုင်းက စာချွန်လွှာရေးသား ပေးပို့ တင်ပြထား ကြောင်းသိရသည်။