Home သတင်း စစ်ရှောင်နှင့် နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးများအတွက် ကရင်ဂျပ်ခုတ်နှင့် ပန်းထိုးသင်တန်း ဖွင့်လှစ်မည်

စစ်ရှောင်နှင့် နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးများအတွက် ကရင်ဂျပ်ခုတ်နှင့် ပန်းထိုးသင်တန်း ဖွင့်လှစ်မည်

401
Photo- People Goal

ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရဲနှင့်စစ်တပ် CDM များအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကူအညီပေးနေသည့် ပြည်သူ့ပန်းတိုင်အဖွဲ့က စစ်ရှောင်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားမှု နောက်ခံရှိ အမျိုးသမီးများအတွက် ကရင်ဂျပ်ခုတ်နှင့် ပန်းထိုးအလှဆင်သင်တန်း ခေါ်ယူဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းတို့လူမှုကွန်ရက်မှတဆင့် သိရသည်။

တိုင်းရင်းသားရိုးရာလက်မှုပညာနှင့် အိမ်နေအမျိုးသမီးများ ဝင်ငွေတိုးစေရန် ရည်ရွယ်ပြီး (၄) လတာကြာမြင့်မည့် အဆိုပါသင်တန်းကို ဖွင့်လှစ်သင်ကြားပေးသွားရန်ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။

အဖွဲ့ဝင် ကိုနောင်ရိုးက “အမျိုးသမီးတွေ အိမ်မှာနေရင်း ဝင်ငွေရစေချင်တယ်။ တိုင်းရင်းသား ရိုးရာလက်မှုပညာတွေကိုလည်း တွန်းအားပေးချင်တာကြောင့်ပါ။ နိုင်ငံရေး နောက်ခံနဲ့ စွန့်ခွာလာသူတွေ စိတ်ပါဝင်စားပြီး ဒီပညာနဲ့ အသက်မွေးလုပ်ကိုင်ချင်သူဖြစ်မယ်ဆိုရင်တော့ သင်တန်းသား ခေါ်ယူတဲ့အထဲမှာ ထည့်သွင်းစဉ်းစားပါမယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ဖွင့်လှစ်သင်ကြားပေးမည့် အဆိုပါသင်တန်းအတွက် သင်တန်းသူဦးရေ (၁၀) ဦးသတ်မှတ်ထားသည်။ လာမည့် စက်တင်ဘာလ (၄) ရက် နောက်ဆုံးထားကာ ပြည်သူ့ပန်းတိုင်၏ လူမှုကွန်ရက်စာမျက်နှာမှ လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်ဖြစ်ပြီး သင်တန်းချိန်ကို ၁ ပတ်လျှင် ၅ ရက်အထိ သတ်မှတ်ထားကြောင်း အဖွဲ့က ကြေညာထုတ်ပြန်ထားသည်။

လျှောက်ထားသူများမှ ရဲနဲ့ စစ်တပ် CDM များ၊ ၎င်းတို့၏ မိသားစုဝင်များ၊ တော်လှန်ရေးတွင် ပါဝင်ရင်း ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးနစ်နာထားရသည့် တော်လှန်ရေး မိသားစုဝင်များကို ဦးစားပေး ခေါ်ယူသွားမည်ဟုလည်း ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။

အာဏာသိမ်း စစ်အုပ်စု၏ အုပ်ချုပ်မှုမှ ရုန်းထွက်၍ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု – CDM လုပ်လိုသူများအတွက် ချိတ်ဆက်ကူညီပေးနေသည့် ပြည်သူ့ပန်းတိုင်အဖွဲ့ အနေဖြင့် CDM နှင့် တက်ကြွလှုပ်ရှားသူများအတွက် ရည်ရွယ်ပြီး အခြား အသက်မွေးဝမ်း ကျောင်းဆိုင်ရာ သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။