Home သတင်း KTLA တပ်ဖွဲ့ဝင် ၁၃ ဦး KNDO ထံသို့ ပြန်လည် ပူးပေါင်း

KTLA တပ်ဖွဲ့ဝင် ၁၃ ဦး KNDO ထံသို့ ပြန်လည် ပူးပေါင်း

886
Photo-Social Media

ဩဂုတ် ၂၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၆)ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၈) ထံသို့ ကော်သူးလေအာမီ (KTLA) တပ်ဖွဲ့ဝင် ၁၃ ဦး ဩဂုတ်လလယ်ပိုင်းတွင် ပြန်လည်လာရောက် ပူးပေါင်းသည်ဟု ဆိုင်ရာတပ်ဖွဲ့ဝင်များက ပြောသည်။

ယခုလို KNDO ထံ ပြန်လည်ပူးပေါင်းခြင်းသည် အခြားအကြောင်းအရာများကြောင့် မဟုတ်သလို ရှေ့ဆက် အာဏာရှင်ကိုအတူတကွ ပူးပေါင်းတိုက်ခိုက်ရန်အတွက်သာ ဖြစ်သည်ဟု KTLA မှ ပြန်လည် ပူးပေါင်းသူများထဲမှ စောဒီမိုက ပြောသည်။

”ကျနော်က နားကောက်တော့ ပြည်တွင်း ပြည်ပလူတွေက သိတယ်။ သိပ့်မကြာခင် တုန်းကဘဲ ကျနော်တို့ KNDO တပ်ရင်းမှာ ပြန်ပူးပေါင်းတယ်။ တိတိကျကျဆုံးဖြတ်ပြီးသား ကျနော်တို့က တစ်ခြားအဖွဲ့ကို တိုက်ဖို့ မဟုတ်ဘူး။ ဆုံးဖြတ်ချက် နံပါတ်(၁)က စစ်အာဏာရှိကို တိုက်ထုတ်ဖို့ဘဲ ဖြစ်တယ်”ဟု ၎င်းက လူမှုကွန်ယက်ပေါ်ရှိ ဗီဒိုယိုဖိုင်၌ ပြောဆိုထားသည်။

အဆိုပါ ပြန်လာပူးပေါင်းသူများသည် ပေးအပ်သည့်တာဝန်များကို အပြည့်အဝ ထမ်းဆောင်နိုင်ရန် လိုအပ်သည့် လက်နက် အပြည့်အစုံကို တပ်ဆင်ပေးထားပြီး ဖြစ်သည်ဟု KNDO တပ်ရင်း(၈)၊ တာဝန်ရှိသူ တစ်ဦးက ယခုလို ပြောသည်။

“ကရင်အချင်းချင်းလည်း ဖြစ်တယ်။ သူတို့က သူတို့ လူမျိုးကို ချစ်တဲ့ စိတ်ရှိနေတဲ့ အတွက် ကျနော်တို့နဲ့ ပြန်လာ ပူးပေါင်းတော့ လက်ခံပေးလိုက်တာဖြစ်တယ်။ အခု ရှေ့တန်း နေရာမှာဖြစ်တဲ့အတွက် သူတို့ကိုတော့ ကြိုဆိုပွဲ အစီစဉ်တွေနဲ့တော့ လုပ်ပေးတာမရှိဘူး။ ဒါပေမယ့် ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ဖို့ အတွက် အခုသူတို့ကို လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ပြန်လည်ပူးပေါင်းလာသူ KTLA တပ်ဖွဲ့ (၁၃) ဦးထဲမှ စောဒီမိုဆိုသူသည် KTLA တပ်ဖွဲ့၌ တာဝန်ထမ်းဆောင်စဉ် အချိန်တွင် စည်းကမ်းများ လိုက်နာမှုမရှိ၍ ၎င်းကို ထုတ်ပယ်ထားသည်ဟု KTLA က ပြောဆိုသည်။

ဗိုလ်ချုပ်စောနယ်ဒါးမြ ဦးဆောင်သည့် KTLA တပ်ဖွဲ့သည့် ၂၀၂၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တပ်ဖွဲ့ဝင်တစ်ချို့ သည် KNLA ၊ KNDO၊ အပါအဝင် DKBA နှင့် BGF တပ်ဖွဲ့များထံသို့ ဘက်ပြောင်းသွားသူများ ရှိကြောင်း သိရသည်။