Home သတင်း မြန်မာနိုင်ငံသား ၃ ဦး ဘတ်ငွေ ၄၆ မီလီယံကျော်ဖြင့် မဲဆောက်မြို့တွင် ဖမ်းဆီးခံရ

မြန်မာနိုင်ငံသား ၃ ဦး ဘတ်ငွေ ၄၆ မီလီယံကျော်ဖြင့် မဲဆောက်မြို့တွင် ဖမ်းဆီးခံရ

509
Photo: ตำรวจสอบสวนกลาง

သြဂုတ် ၈ ရက်၊ ၂၀၂၅ ခုနှစ် | ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မြန်မာနိုင်ငံသား ၃ ဦးထံမှ ဘတ်ငွေ ၄၆ မီလီယံကျော်ဖြင့် ထိုင်းဗဟိုစုံစမ်းရေးဗျူရို (CIB) နှင့် နည်းပညာအသုံးပြုမှုခင်းများ တားဆီးနှိမ်နှင်းရေးဌာန (TSDC )တို့က ငွေကြေးခဝါချမှုသံသယဖြင့် ဖမ်းဆီးလိုက်သည်ဟု The Nation သတင်းဌာန၌ ဖော်ပြထားသည်။

ထိုဖမ်းဆီးခံရသူများ ၃ ဦးမှာ ဦးရှိုင်း၊ သီတာ နှင့် လောက်ဝေ တို့ဖြစ်ကြပြီး Huione Pay ငွေပေးချေရေးစနစ်ကို အသုံးပြုကာ မဲဆောက်ရှိ ဘဏ်များထံမှ လစဉ် ဘတ် ၁ ဘီလီယံကျော်အထိ ထုတ်ယူကာ ငွေကြေးခဝါချမှုများ ပြုလုပ်ခဲ့မှုဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု The Nation သတင်းက ဖော်ပြထားသည်။

ယခုဖမ်းဆီးမှုသည် ငွေလိမ်ဂိုဏ်းများမှ စတော့အရောင်းအဝယ် ပြုလုပ်သည့်ပုံစံဖြင့် Ulela Max ဟုအမည်ရသော ဆော့ဖ်ဝဲလ်တစ်မျိုးကို အကောက်ဖွင့်စေပြီး ရင်းနှီးမြှုပ်နှံသူများကို ပိုက်ဆံပိုမိုထည့်ဝင်ရန် ဆွဲဆောင်ကာ မက်လုံးပေး ဆွဲဆောင်ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

Photo: ตำรวจสอบสวนกลาง

ထိုနောက် အဖွဲ့ဝင် ဖြစ်လာသူများကို အစောပိုင်းတွင် အမြတ်ခွဲဝေပေး၍ နောက်ပိုင်းတွင် ငွေသန်းနှင့်ချီ ထည့်ဝင်ရန် တိုက်တွန်းပြီး ရင်းနှီးမြှုပ်နှံထားသော ငွေများကို ထုတ်ယူမရသည့်အဆုံး နည်းပညာ အသုံးပြုမှုခင်းများ တားဆီးနှိမ်နှင်းရေးဌာန (TSDC) ကို တိုင်တန်းခဲ့သောကြောင့် ထိုင်းရဲတပ်ဖွဲ့မှ အချိန်မီဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့၏ အသေးစိတ်ဘဏ္ဍာရေး စုံစမ်းစစ်ဆေးမှုမှတဆင့် ငွေအမြောက်အများ လည်ပတ်နေသော ရှုပ်ထွေးသည့် ငွေလွှဲပြောင်းစနစ်ကို ခြေရာခံဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဖမ်းခံရသူများသည် ငွေများကို ခဝါချခြင်း မသိသာစေရန် ငွေလွှဲပြောင်းခြင်းမပြုမီ ထိုင်းတွင်း အသုံးပြုကြသည့် Crypto ငွေကြေးမှတဆင့် လှည့်ဖျားပြီးနောက် ငွေများကို လိုရာသို့ ခြေရာဖျောက်ခဲ့သည်ဟု ဆိုသည်။

Photo: ตำรวจสอบสวนกลาง

ထိုကဲ့သို့ လှည့်ဖျားယူဆသော ငွေကြေးအမြောက်အများကို Huione Pay wallets မှတဆင့် ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပတ်မြို့ ကနေအခြေပြု ဆောင်ရွက်နေပြီး ယခုနောက်ဆုံး ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများထံသို့ နည်းလမ်းအမျိုးမျိုးဖြင့် ပို့ဆောင်ကာ မဲဆောက်မြို့တွင် ငွေသားအဖြစ် ပြောင်းလဲထုတ်ယူစေခြင်းဖြစ်သည်။

ရဲမှတ်တမ်းအရ ထိုသူများသည် မဲဆောက်ဘဏ်များမှတဆင့် နေ့စဉ် ဘတ်ငွေ ၂၀ မှ ၃၀ မီလီယံအထိ ထုတ်ယူပြီး မဲဆောက် လဝက စစ်ဆေးရေးဂိတ်မှတဆင့် မြန်မာပြည်တွင်းသို့ ငွေသားမှောင်ခိုသယ်ခြင်းများ ဆောင်ရွက်သည်ဟု The Nation သတင်းတွင် ဖော်ပြထားသည်။

လတ်တလောအနေဖြင့် ရဲတပ်ဖွဲ့သည် ငွေလိမ်အကောင့်မှတဆင့် ငွေသားပြောင်းလဲပေးသည့် မြန်မာနိုင်ငံသား ၄ ဦးအပါအဝင် အခြား ၂၈ ဦးကိုလည်း ဖမ်းဝရမ်း ထုတ်ထားသည်။

Photo: ตำรวจสอบสวนกลาง

မဲဆောက်မြို့ ထဆိုင်လွတ်နေအိမ်အတွင်း စီးနင်းရှာဖွေမှုအတွင်း တရားခံ မြန်မာနိုင်ငံသား ၃ ဦးနှင့်အတူ ဘတ်ငွေသား ၄၆ မီလီယံကျော်ကို ရဲတပ်ဖွဲ့မှ သိမ်းဆည်းရမိပြီး ဥပဒေအရ ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများကို လွှဲပြောင်းထားသည်ဟု ဆိုသည်။