Home သတင်း ဒေသတွင်းတည်ငြိမ်အေးချမ်းရေး ကရင်လက်နက်ကိုင် ၂ ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

ဒေသတွင်းတည်ငြိမ်အေးချမ်းရေး ကရင်လက်နက်ကိုင် ၂ ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

608

ဩဂုတ် ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လက်နက်ကိုင်အချင်းချင်းကြား စည်းလုံးညီညွတ်မှု ပိုမိုရရှိရန် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် နယ်ခြားစောင့်တပ် (BGF) ထိပ်ပိုင်းခေါင်း ဆောင်များသည် DKBA ဌာနချုပ်ရှိရာ ဆုံဆည်မြိုင်တွင် ယနေ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ကရင်လက်နက်ကိုင်များ စည်းလုံးညီညွတ်မှသာ ပြည်သူလူထုများ အေးအေးချမ်းချမ်း နေထိုင်နိုင် မည်ဖြစ်၍ ဒေသတွင်း ပဋိပက္ခကို လျှော့ချနိုင်မည့် နည်းလမ်းများကို ရှာဖွေရန် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် BGF ၏ အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးချုပ် စောမုတ်သုန်က အစည်းအဝေးပြီးနောက် ပြောသည်။

၎င်းက “ကျနော်တို့ ညီညွတ်ရင် ပြည်သူတွေက စိတ်ချမ်းသာမှာပေါ့။ ဒီနေ့ ဗိုလ်ချုပ်ရွှေဝ ဖိတ်ခေါ်လို့ ဗိုလ်ချုပ်ရွှေဝဆီ လာတယ်။ ကျနော်တို့ နယ်မြေဒေသ အေးချမ်းဖို့ ညီညွတ်ကြဖို့၊ ပဋိပက္ခတွေ ဘယ်လို ဖြေရှင်းကြမလဲ၊ မိဘတွေ ပြည်သူတွေ မျက်ရည်မျက်ခွက်နဲ့ မဖြစ်အောင် လာပြီးတော့ ကျနော်တို့ ပေါင်းစပ်ညှိနှိုင်းတဲ့ သဘောပေါ့” ဟု ပြောသည်။

ထို့အပြင် ဝေါလေဒေသမှ ထိုင်းနိုင်ငံဘက်ကမ်းသို့ စစ်ရှောင်အဖြစ် ထွက်ပြေးထားသူများ ငြိမ်းငြိမ်းချမ်းချမ်း ပြန်လာနေထိုင်နိုင်ရေးအတွက် လုပ်ဆောင်နိုင်မည့်နည်းလမ်းများကိုလည်း အဆိုပါအစည်းအဝေးအတွင်း ဆွေးနွေးခဲ့ကြကြောင်း ဗိုလ်မှူးချုပ် စောမုတ်သုန်က ဆက်ပြောသည်။

ယနေ့ တွေ့ဆုံမှုတွင် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၊ ဒု-စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝ၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်၊ ဗိုလ်မှူးချုပ် စိုင်းကျော်လှ စသည့် ထိပ်ပိုင်း ခေါင်းဆောင်များနှင့် BGF ဘက်မှ တပ်နယ် (၂) ဗျူဟာမှူး ဗိုလ်မှူးချုပ် စောတင်ဝင်း၊ အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးချုပ် စောမုတ်သုန် စသည့် ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင် တွေ့ဆုံ ခဲ့ကြခြင်းဖြစ်သည်။

ယခုလို ကရင်လက်နက်ကိုင် နှစ်ဖွဲ့ တွေ့ဆုံနေချိန် လတ်တလောတွင်လည်း အာဏာသိမ်း စစ်တပ်က နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနှင့် အသိမ်းယူခံ ထားရသည့် ၎င်းတို့၏ နယ်စပ်ဒေသစခန်းများကို ပြန်လည်ရရှိရေး စစ်ဆင်ရေး ကြီးကြီးမားမား လုပ်ဆောင်လျက်ရှိသည်။

၎င်းအပြင် ကြီးမားသည့် စစ်ဆင်ရေး လုပ်ဆောင်နေချိန် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို စစ်တပ်ဘက်က ပိတ်ထားလိုက်ပြီး လောင်စာဆီ ပြတ်လပ်မှုများ ကြုံတွေ့လာရသည်။ နယ်စပ်တံတားများကိုပါ ပိတ်လိုက်သောကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းက ဝင်လာမည့် ကုန်တင်ယာဉ်များလည်း ရာနှင့်ချီပြီး နယ်စပ်တံတားများတွင် သောင်တင်လျက်ရှိသည်။

ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များ၏ အဆိုအရ ယခုလို နယ်စပ်ကုန်စည်စီးဆင်းမှု လမ်းကြောင်းများကို ပိတ်ပင်လိုက်ခြင်းသည် စစ်တပ်ဘက်က တိုင်းဒေသအချို့ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် နယ်မြေဒေသ ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် ဖြတ်လေးဖြတ်သဘောမျိုး လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ထောက်ပြကြသည်။

ယခုလို အခြေအနေမျိုးတွင် ကရင်လက်နက်ကိုင်များ အမျိုးသားအလံတော်တစ်ခုအောက်တွင် ပြန်လည် စည်းလုံးညီညွတ်ချိန်တန်ပြီးဖြစ်သောကြောင့် ပြည်သူတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန် လက်တွဲဆောင် ရွက်ရန်အတွက် တွေ့ဆုံကြခြင်းဖြစ်သည်ဟု DKBA ဒု-စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောရွှေဝက ပြောသည်။

“ကျနော်တို့ ပြန်လည်စည်းလုံးညီညွတ်ဖို့ အချိန်တန်ပြီးဖြစ်တာကြောင့် ဒီဌာနချုပ်မှာ ကျနော်တို့ တွေ့ကြတယ်။ ကျနော်တို့ ဘာပဲလုပ်လုပ် ကရင်အမျိုးသားအလံတော်အောက် တစ်ခုမှာပဲရှိ နေကြတဲ့အဖွဲ့တွေ၊ ဘက်တံဆိပ်ချင်းမတူကြပေမယ့်လည်း ကျနော်တို့ ကရင်လူမျိုးတွေအတွက် ကရင်အလံတော်အောက်မှာပဲ လုပ်ကြမယ်လို့ အမြဲပြောလေ့ရှိကြတယ်။ ဒါကြောင့် ကျနော်တို့ ပြန်လည်စုစည်းဖို့ အချိန်ရောက်လာတဲ့အတွက် ပြည်သူတွေ အေးအေးချမ်းချမ်း နေနိုင်ဖို့ တစ်ယောက်နဲ့တစ်ယောက် ပဋိပက္ခမဖြစ်ကြဘဲ အမျိုးသားအလံတော်တစ်ခုထဲအောက်မှာ စည်းလုံးကြဖို့ အားလုံးကို အားပေးချင်ပါတယ်” ဟု အစည်းအဝေးအပြီး ပြောဆိုသည်။

ကရင်လက်နက်ကိုင်များ ပြန်လည်စည်းလုံးရန် တွေ့ဆုံကြခြင်းဖြစ်သော်လည်း ယနေ့ တွေ့ဆုံမှုတွင် KNU-ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ-PC တို့ မပါဝင်ကြောင်း တွေ့ရသည်။

ကွဲပြားနေသည့် ကရင်လက်နက်ကိုင် ပြန်လည်စည်းလုံးရန် KNU၊ BGF၊ DKBA နှင့် KNU/KNLA-PC စသည့် ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံ၍ “ကရင်လက်နက်ကိုင်များ စည်းလုံးညီညွတ်ရေးကော်မတီ” ကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်နေ့က ဖွဲ့စည်းထားဖူးသည်။