Home သတင်း တားမြစ်ချက်ချိုးဖောက်ပါက စစ်ထောက်လှမ်းရေးတွင် ပါဝင်သော တယ်လီနော တာဝန်ခံရမည်ဟု JFM ပြော

တားမြစ်ချက်ချိုးဖောက်ပါက စစ်ထောက်လှမ်းရေးတွင် ပါဝင်သော တယ်လီနော တာဝန်ခံရမည်ဟု JFM ပြော

649
Photo : Internet

ဩဂုတ် ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းစစ်အုပ်စုကို သုံးစွဲသူအချက်အလက်များ ပေးပို့ခြင်းနှင့် ထောက်လှမ်းရေးကိစ္စတွင် ပါဝင်ပတ်သက်နေသော တယ်လီနောကုမ္ပဏီအုပ်စုသည် နော်ဝေနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ တားမြစ်ချက်များကို ချိုးဖောက်ပါက တရားရုံးတွင် တာဝန်ခံရမည်ဟု Justice for Myanmar-JFM က ပြောဆိုသည်။

မြန်မာစစ်အုပ်စု၏ထောက်လှမ်းရေးယန္တရားအတွင်း ပါဝင်ပတ်သက်နေသည့်အပေါ် ပြီးခဲ့ သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာတွင် JFM နှင့် ICJ နော်ဝေအဖွဲ့နှင့်ပူးပေါင်းကာ တယ်လီနောစပ်လျဉ်း၍ နော်ဝေရဲတပ်ဖွဲ့ ထံ တိုင်ကြားချက်ဖွင့်ထားပြီးဖြစ်သည်ဟု JFM ၏ ယနေ့ (ဩဂုတ်လ ၂၈ ရက်) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တယ်လီနောအုပ်စုအနေဖြင့် တားမြစ်ချက်အတွင်းပါဝင်သည့် ထောက်လှမ်းရေးစက်များ တပ်ဆင်၊ ထိန်းသိမ်းခြင်းအတွက် အာဏာသိမ်းစစ်အုပ်စုကို အကူအညီပေးခြင်း၊ တယ်လီ နောသုံးစွဲသူများ၏ အန္တရာယ်ရှိလွယ်သည့် အချက်အလက်များအား စစ်အုပ်စုထံ လွှဲပြောင်း ပေးခြင်းတို့အတွက် မြန်မာ့ဆက်သွယ်ရေးအာဏာပိုင်များနှင့် နှစ်ဖက်အပြန်အလှန်ပေးစာ စသည့်အထောက်အထားများဖြင့် နော်ဝေရဲတပ်ဖွဲ့ထံ တိုင်ကြားထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထို့ကြောင့် နော်ဝေကုမ္ပဏီ၊ နော်ဝေနိုင်ငံသားများအနေဖြင့် မြန်မာစစ်အုပ်စု၏ နိုင်ငံတ ကာဥပဒေချိုးဖောက်မှုများတွင် ပါဝင်ပံ့ပိုးမှုမရှိစေရေး နော်ဝေနိုင်ငံ၏ မြန်မာဆိုင်ရာ စည်းမျဥ်းတားမြစ်ချက်ကို ချိုးဖောက်နေသည့် တယ်လီနောအနေဖြင့် တာဝန်ခံရမည်ဟု JFM ပြောခွင့်ရ မရတနာမောင်က ပြောသည်။

“အသက်အန္တရာယ်အထိကျရောက်နိုင်တဲ့သုံးစွဲသူရဲ့ကွန်ရက်အချက်အလက်ဒေတာ မျှဝေ တာတွေအပြင် ကုမ္ပဏီရဲ့တယ်လီဖုန်းကွန်ရက်တွေကို စောင့်ကြည့်ထောက်လှမ်းနိုင်အောင် မြန်မာစစ်အုပ်စုနဲ့ချိတ်ပြီး ကြားဖြတ်ကိရိယာတွေတပ်ဆင်ပေးခဲ့တဲ့ တယ်လီနောရဲ့ တာဝန်မဲ့လုပ်ရပ်ကို ခရေစေ့တွင်းကျစုံစမ်းစစ်ဆေးဖို့ လိုပါတယ်” ဟု မရတနာမောင်က ထုတ်ပြန်ချက်တွင် ပြောသည်။

ထို့အပြင် ICJ နော်ဝေအဖွဲ့အပါအဝင် JFM အနေဖြင့် နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနမှ တယ်လီနောအုပ်စုကိုပေးအပ်ထားသော မြန်မာနိုင်ငံဆိုင်ရာ တားမြစ်ချက်မှကင်းလွတ်ခွင့်လိုင်စင် ရှိမရှိစုံစမ်းခဲ့သော်လည်း ကင်းလွတ်ခွင့်ရှိမ နေကြောင်းလည်း တစ်ဆက်တည်းဖော်ပြသည်။

နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောကုမ္ပဏီအုပ်စုအောက်ရှိ တယ်လီနောမြန်မာသည် မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ်မှ စတင်ဝင်ရောက်ခဲ့သည်။ စစ်အုပ်စုအာဏာသိမ်းပြီးနောက်တွင် စစ်အုပ်စုနှင့်ပူးပေါင်းကာ Spy software များတပ်ဆင်ခြင်း၊ အချက်အလက်များ လွှဲပြောင်းပေးခြင်းတို့ကြောင့် လူထုဝေဖန်စောင့်ကြည့်မှုများ ထွက်ပေါ်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ၎င်းကုမ္ပဏီကို M1 အုပ်စုထံရောင်းချကာ မြန်မာနိုင်ငံမှထွက်ခွာသွားပြီးနောက် Telenor မှ ATOM အဖြစ် မြန်မာ့ဆက်သွယ်ရေးဈေးကွက်အကြား ပြန်လည်ထွက်ပေါ်လာသည်။

တယ်လီနောအနေဖြင့် မြန်မာနိုင်ငံသို့စတင်ဝင်ရောက်စဥ်က နိုင်ငံသားများအတွက် အီလက်ထရွန်းနစ်ထောက်လှမ်း‌ရေး အကာအကွယ်ပေးဥပဒေ မြန်မာနိုင်ငံမှာမရှိသည့် အချက်ကိုသိရှိပြီး စစ်အုပ်စုမှဆက်သွယ်ရေးပစ္စည်း၊ သုံးစွဲသူအချက်အလက်နှင့် လုပ်ငန်း ဆောင်ရွက်မှုမှန်သမျှကို စစ်အုပ်စုက တောင်းယူနိုင်ကြောင်း သတိထား၊ ကြိုတင်စိစစ်မှုများ လုပ်ခဲ့သင့်သည်ဟုလည်း JFM က ထောက်ပြထားသည်။