Home သတင်း ကရင်ဖြူများလည်း နေထိုင်ရာ ပေါင်းလောင်းတွင် မိုးများတောင်ပြို၍ ၂ ဦး သေဆုံး

ကရင်ဖြူများလည်း နေထိုင်ရာ ပေါင်းလောင်းတွင် မိုးများတောင်ပြို၍ ၂ ဦး သေဆုံး

1276
Photo -Local

ဩဂုတ် ၂၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့ သစ်၊ သပြေကုန်းအုပ်စု ဧဒင်ရွာ၌ ဩဂုတ် ၂၇ ရက်နေ့၊ နံနက် ၂ နာရီ ဝန်းကျင်တွင် မိုးများပြီး တောင်ပြို၍ လူ ၂ ဦး သေဆုံးပြီး နေအိမ်များ ပျက်ဆီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။

ကဂျိကိ မုန်တိုင်းအရှိန်ကြောင့် ပေါင်းလောင်းမြို့သစ်တွင် ဩဂုတ် ၂၆ ရက်နေ့ ညပိုင်းမှစ၍ မိုးသည်း ထန်စွာ ရွာသွန်းပြီး ၂၇ ရက်နေ့ နံနက် ၂ နာရီ ဝန်းကျင်အချိန်တွင် တောင်ပြိုပြီး ကျေးရွာထဲသို့ နှုန်းမြေများကျလာကာ လူနေအိမ်များ ထိခိုက်ပျက်ဆီးသွားခြင်း ဖြစ်သည်ဟု ကရင်ဖြူလူငယ်တစ်ဦးက ပြောသည်။

“ဖြစ်စဉ်က ညပိုင်းမှာ မိုးဆက်တိုက် ရွာတယ်။ တစ်ညလုံးဘဲ နံနက်ပိုင်း ၂ နာရီဝန်းကျင်ရောက်တော့ တောင်ပြို ကျပြီး ဝုန်းကနဲဆို ရွာထဲအရှိန်ထိုး ဝင်လာပါတယ်။ အိမ်လုံးကျွတ် ပါသွားတာ ရှိတယ်။ တချို့ အိမ်တွေကတော့ သဲ၊ နှုန်း၊ ဒိုက်တွေ တင်တော့ လူနေမရသေးဘူး “ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

Photo -Local

တောင်ပြိုကျမှုကြောင့် ၅၄ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ ၂၂ အရွယ် လူငယ် အမျိုးသားတစ်ဦး သေဆုံးပြီး ဒဏ်ရာ ပြင်းထန်သူ ၂ ဦးရှိသည့်အပြင် အနည်းငယ်ဒဏ်ရာရရှိသူ ၁၃ ဦး ရှိကြောင်းလည်း သိရသည်။

ရုတ်တရက်တောင်ပြိုသည့် အရှိန်ကြောင့် လူနေအိမ် (၅)လုံးသည် နှုန်း၊ ဒိုက်များနှင့်အတူ မျှောပါ သွားကာ တစ်ဝက် နီးပါး ပျက်ဆီးသွားအိမ်တစ်ချို့ရှိကာ စုစုပေါင်း လူနေအိမ် ၁၅ လုံး ပျက်ဆီးသွားသည်ဟု ဒေသခံ များထံမှ သိရသည်။

Photo -Local

တောင်ပြိုမှု ဖြစ်ပွားခဲ့သည့် ပေါင်းလောင်းမြို့သစ်၊ သပြေကုန်း ကျေးရွာအုပ်စု ဧဒင်ကျေးရွာတွင် လူနေအိမ် စုစုပေါင်း အလုံး ၁၀၀ ခန့်ရှိကာ ကရင်ဖြူ၊ ကယန်း၊ ဗမာလူမျိုးများ ရောနှောနေထိုင်သည့် ကျေးရွာ တစ်ရွာ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။