Home သတင်း လူ ၂၆ ဦး သေဆုံးခဲ့ရသည့် မော်ချီးဒေသ ဗုံးကြဲခံရမှုအတွက် အရေးယူရှုတ်ချပေးရန် KnHRG တောင်းဆို

လူ ၂၆ ဦး သေဆုံးခဲ့ရသည့် မော်ချီးဒေသ ဗုံးကြဲခံရမှုအတွက် အရေးယူရှုတ်ချပေးရန် KnHRG တောင်းဆို

1120
Photo-IEC

ဩဂုတ် ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်၊ မော်ချီးဒေသရှိ ဆေးရုံနှင့် လူနေအိမ်များကို စစ်အုပ်စုက ဩဂုတ် ၁၇ ရက် နှင့် ၁၉ ရက် တို့တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ ၂၆ ဦးသေဆုံးခဲ့ရသည့် ဖြစ်စဥ်အတွက် အရေးယူရှုတ်ချမှု လုပ်ဆောင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းထံ ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRG က တောင်းဆိုလိုက်သည်။

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဆေးရုံအပါအဝင် အနီးအနားနေထိုင်သည့် အရပ်သားပြည်သူများကို စစ်အုပ်စုက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသား(၈)ဦးနှင့် အမျိုးသမီး(၁၈)ဦး သေဆုံးခဲ့သည်။ ထို့အပြင် လူ(၇)ဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု KnHGR ၏ မှတ်တမ်းအရ သိရသည်။

ယခုလိုဖြစ်စဥ်များအပေါ် နိုင်ငံတကာအဖွဲ့အစည်းများထံမှ တုံ့ပြန်ညှိနှိုင်းမှု မရှိသောကြောင့် ကရင်နီပြည်သူလူထု အနေဖြင့် မရေရာမှုနှင့်စိတ်ပျက်မှုများကြား အသက်ရှင်သန်ရေး ရုန်းကန်နေရသလို ကျူးလွန်ခံရသူများ တရား မျှတမှု ရရှိရေးအတွက်လည်း ရက်လွန်နေကြောင်း KnHRG က ထောက်ပြသည်။

အပြစ်ပေးမှုအရေးယူမှု မရှိခြင်းကြောင့်သာ စစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆယ်စုနှစ်ကြာ ကျူးလွန် ခွင့်ရနေခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေကို နိုင်ငံတကာတရားရုံးသို့ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း KnHRG က ဖော်ပြထားသည်။

Photo-IEC

ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC ၏ စာရင်းအရ ဩဂုတ်လ(၁၇)ရက်နေ့က မော်ချီးဒေသရှိ တိုက်နယ်ဆေးရုံဟောင်းနဲ့လူနေအိမ်နေရာများကို စစ်ကောင်စီက ပေါင်(၅၀၀)ဗုံးဟု ယူဆရသည့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာတွင် လူပေါင်း(၂၆)ဦးသေဆုံးသည့်အပြင် အမည်မသိရသေးသည့် ရုပ်အလောင်း(၆)ခု လည်းရရှိ ထားသည်။

“ဒီမနက် ၆ နာရီလောက်ကလည်း Y12 နဲ့ပဲ လိုခါးလိုနဲ့ ကျောက်ကြားနဲ့နောက်တစ်နေရာကို ကြဲချတော့ နောက်ထပ် ဒေသခံ(၄)ယောက်ထိထားတယ်။ (၂)ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်” ဟု IEC နှင့် KnHRG မှ တာဝန်ရှိပုဂ္ဂိုလ် ဗညားခွန်အောင်က ယနေ့တွင် ပြောဆိုသည်။

မော်ချီးဒေသရှိ လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ယခုလေယာဥ်ဗုံးကြဲမှုအပါအဝင် ကရင်နီပြည်နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု (၁၁) ကြိမ်ရှိခဲ့ပြီး ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက် ခံရမှုများအတွက် တာဝန်ယူတာဝန်ခံမှုရှိစေရေး KnHRG က ထုတ်ပြန်ချက်၌ တဆက်တည်း ဖော်ပြသည်။
ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ ဩဂုတ် ၁၇ ရက်နေ့က လူနေအိမ် နေရာများ ဗုံးကြဲ တိုက်ခိုက်ခံရမှု၌ ဒေသခံနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။