Home သတင်း ရန်ကုန်မြို့ ဒဂုံဧရာအဝေးပြေးကားဂိတ်တွင် အငှားယာဥ်အသွင်ဖြင့် စစ်မှုထမ်းရန် လူငယ်များကို ပစ်မှတ်ထား ပြန်ပေးဆွဲနေ

ရန်ကုန်မြို့ ဒဂုံဧရာအဝေးပြေးကားဂိတ်တွင် အငှားယာဥ်အသွင်ဖြင့် စစ်မှုထမ်းရန် လူငယ်များကို ပစ်မှတ်ထား ပြန်ပေးဆွဲနေ

873

ဇူလိုင် ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်း နှင့် ရန်ကုန်တိုင်းကို ချိတ်ဆက်ထားသည့် လှိုင်းသာယာမြို့နယ်ထဲက ဒဂုံဧရာအဝေးပြေး ကားဂိတ်တွင် စစ်မှုထမ်းစုဆောင်းရန် စစ်ကောင်စီနှင့် နီးစပ်သူများက အိမ်စီးကား၊ အငှားကားများကို အသုံးပြု၍ လူငယ်များကို ပစ်မှတ်ထားပြီး ယခုရက်ပိုင်းအတွင်း ပြန်ပေးဆွဲမှုများရှိနေသည်ဟု မျက်မြင် တွေ့ရှိသူများက ပြောသည်။

အဆိုပါ ဂိတ်တွင် ကားသမားများဟန်ဆောင်၍ ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့ဘက်သို့ လာ ရောက်သည့် လူငယ်များနှင့် တခြားနယ်မှ ပြန်မည့် အသက် (၃၅) နှစ်အောက်ရှိ အမျိုးသား လူငယ်အများစုက အဓိက ပစ်မှတ်ထား ပြန်ပေးဆွဲခံနေရခြင်း ဖြစ်သည်။

ထိုကဲ့သို့ အရပ်သား ဟန်ဆောင်ထားသည့် စစ်ကောင်စီ နီးစပ်သူများထံမှ လိမ်လည် ခေါ်ဆောင်ခံရသည့် လူငယ်များသည် အတင်းအဓမ္မကိုယ်ရေးအချက်အလက် စစ်ဆေးမေးမြန်းခြင်းများ၊ စစ်မှုထမ်းစေရေးအ တွက် စစ်တပ်ထဲ ဝင်ရောက်ရန် စည်းရုံးလှုံ့ဆော်ပြောဆိုခြင်းများ ခံခဲ့ရကြောင်း ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့တွင် ရန်ကုန်မှ ဧရာဝတီ တိုင်းသို့ အပြန်ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လည်လွှတ်မြောက်လာသည့် လူငယ်များထံမှ သိရသည်။

“ကောင်လေးက အသက်၂၅ နှစ်ပဲ ရှိသေးတယ်။ ဒဂုံဧရာ အဝေးပြေးကားဂိတ်ကနေ အိမ်မဲကို ပြန်လာဖို့ ကားလိုက်ရှာရင်း အိမ်စီးကားတစ်စီးက ကားကြုံတယ်၊ လေးငါးထောင်ပဲပေးဖို့ စည်းရုံးတော့ လိုက်ပါခဲ့တာ။ နောက်တော့ ကားပေါ်မှာ နောက်ထပ် လူနှစ် ယောက်ကောင်လေးရဲ့ ဘယ်ညာ တစ်ဖက်စီမှာ ညှပ်ပြီးဝင်ထိုင်လိုက်တယ်။ ကားက ဧရာဝတီတိုင်း ပြန်လာတဲ့ လမ်းအတိုင်း မဟုတ်ခဲ့ဘဲ မောင်းသွားတာ။ ဘေးမှာထိုင်တဲ့သူတွေကလည်း ကောင်လေးရဲ့ မှတ်ပုံတင်တွေ အသက်တွေ နဲ့ စစ်မှု ထားပါလားလို့စည်းရုံးပြောဆိုလာတယ်” ဟု ထွက်ပြေး လွတ်မြောက် လာသူနှင့် နီးစပ်သည့် ဆွေမျိုးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယခုလို အငှားယာဥ်‌မောင်းများဟန်ဆောင်၍ နယ်ဝေးပြန်မည့် လူငယ်များကို ပစ်မှတ်ထားကာ အတင်း အကြပ် စစ်မှုထမ်းတပ်သား စုဆောင်းနိုင်ရေးအတွက် အကြမ်းဖက်ခေါ်ဆောင်ခံရသည့် ပုံစံများလည်း ရှိနေကြောင်း အဆိုပါ နီးစပ်သူက ဆက် ပြောသည်။

၎င်းက “နောက်တစ်ယောက် တက္ကစီငှားတာ ဂိုဒေါင်တစ်ခုကိုခေါ်သွားပြီး စစ်မှုထမ်းဖို့ပြောတယ် ။ ငြင်းတော့ အရိုက်ခံရတယ် ဂိုထောင်ထဲမှာ တံခါးပိတ်ပြီးထားခဲ့တာ” ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်အတွင်း ရန်ကုန်မြို့မှ မိမိနေရပ် ဧရာဝတီတိုင်းသို့ ပြန်မည့် လူငယ် ၃ ဦးကိုလည်း ပျူစော ထီးဟု ယူဆရသူ တက္ကစီယာဉ်မောင်းတစ်ဦးက အဝေးပြေးကားဂိတ်လိုက်ပို့ပေးမည်ဟုဆိုကာ စစ်တပ် ဌာနချုပ်စခန်းများသို့ သွားရောက်ပို့ဆောင်ခံခဲ့ရသည့် ဖြစ်စဥ်များလည်း ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင်လည်း ရန်ကုန်တိုင်း နှင့် ဧရာတီတိုင်းကို ဆက်သွယ်ထားသည့် လမ်းမကြီးများတွင် ဂိတ်ချ စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာသည်။ ရန်ကုန်ကနေ နယ်ပြန်မည့် လူငယ်များကို ပစ်မှတ်ထားကာ ကားမောင်းသမားများ အသွင်ဆောင်ထားကြသည့် စစ်တပ်ထောက်ခံသူများက အဓမ္မလိမ်လည် ဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်ကာ စစ်တပ်ထဲသို့ ပို့ဆောင်ကြသည့်ဖြစ်စဉ်များလည်း ပိုမို များပြားလာကြောင်း သိရသည်။