Home သတင်း စစ်ကောင်စီ လက်နက်ကြီးကြောင့် ကစယ်ဒိုမြို့နယ်အတွင်း ခရီးသွား ၂ ဦးသေဆုံးပြီး ၅ ဦးထိခိုက် ဒဏ်ရာရ

စစ်ကောင်စီ လက်နက်ကြီးကြောင့် ကစယ်ဒိုမြို့နယ်အတွင်း ခရီးသွား ၂ ဦးသေဆုံးပြီး ၅ ဦးထိခိုက် ဒဏ်ရာရ

720
Photo: KNU

ဇူလိုင် ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်ရှိ ဟိန္ဒူး ချောင်းရွာအနီးတွင် ဇူလိုင်လ (၂၁) ရက်၊ နေ့လည်ပိုင်းက စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ပြီး ယာဥ်မောင်းအပါအဝင် ခရီးသည်နှစ်ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု ကေအဲန်ယူ ဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့၊ နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ မေတ္တာစခန်းမှ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ဟိန္ဒူးချောင်းရွာ တံတားအနီး ရေကြီးနေသဖြင့် လှေဖြင့်ကူးရန် ရောက်ရှိနေသော ခရီးသည်တင်ကား ဆီကို ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ယာဥ်‌မောင်းသူ အမျိုးသားဖြစ်သည့် အသက် (၃၉) နှစ်အရွယ် ဦးရန်နိုင်နှင့် ခရီးသည်အမျိုးသမီးငယ်တစ်ဦးတို့သည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်ထပ် ခရီး သည် ၅ ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရန်သူဘက်က လက်နက်ကြီးပစ်တာ။ ကားမောင်းတဲ့သူနဲ့ ခရီးသည် မိန်းကလေးတစ်ယောက်က သေသွားတယ်။ နောက် ၅ ယောက်ကတော့ ဒဏ်ရာတွေ ရကြတယ်” ဟု ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ကေအိုင်စီသို့ ပြောသည်။

Photo: KNU

ထို့အပြင် ဟိန္ဒူးချောင်းရွာအနီးရှိ KNLA ဂိတ်တွင်လည်း ယခင်က စစ်ကောင်စီနှင့် KNLA တို့ ထိတွေ့ ပစ်ခတ်မှု ရှိခဲ့ကြောင်း၊ ယခု ဖြစ်စဥ်သည်လည်း တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ဆက်ပြောသည်။

ယင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများဖြစ်ပြီးနောက် ရွာသားနှင့် ခရီးသည်တချို့ကို စစ်ကောင်စီက စစ်ဆေးရန်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ၎င်းတို့နှင့်အတူ ပါရှိသော ပိုင်ဆိုင်ပစ္စည်းများအားလုံးကိုလည်း စစ်ကောင်စီက သိမ်းယူခဲ့သည်။ ဖြစ်စဥ်ဖြစ်ပွားသည့်နေ့၏ ညပိုင်းတွင် ၎င်းရွာသာားနှင့် ခရီးသည်များအား ပြန်လွှတ်ပေးခဲ့ကြောင်း ‌ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့တွင်လည်း မြိတ်-ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အနီး ကော့လှိုင်ရွာမှ ဥယျာဉ်ခြံ တစ်ခု၌ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် မိသားစုဝင်လေးဦး သေဆုံးခဲ့သည်ဟု ခရိုင်၏ ထုတ်ပြန်ချက်အရ သိရသည်။