Home သတင်း မူးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီး လက်နက်ကြီးများအပါအဝင် ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိကြောင်း KNU ထုတ်ပြန်

မူးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီး လက်နက်ကြီးများအပါအဝင် ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိကြောင်း KNU ထုတ်ပြန်

610
Photo: KNU

ဇူလိုင် ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ မူး(မုန်း)မြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာနှင့် လည်ပတ်ကျေးရွာများတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းများကို ဇူလိုင်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်ရရှိပြီး လက်နက်ကြီးများအပါအဝင် ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့သည်ဟု ကေအဲန်ယူ ခလယ်လွီထူခရိုင်က ယနေ့ ထုတ်ပြန်လိုက်သည်။

အဆိုပါ စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း(၉) နှင့် (၈) ဦးဆောင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

” ၂၄ ရက်ည ၁၁ ခွဲကနေစပြီးတစ်ညလုံး တိုက်တယ်။ နောက်နေ့ ၂၅ ရက်နေ့မှာ စခန်းတွေကို သိမ်းပိုက်ရရှိပါတယ်။ အဲဒီစခန်းတွေက စစ်အာဏာသိမ်းပြီး ၂၀၂၄ ခုနှစ် နှောင်းပိုင်းမှ လာရောက်တပ်စွဲထားတဲ့ စုပေါင်းတပ် စခန်းတွေဖြစ်ပါတယ်။ ခလရ ၃၅၁ နဲ့ အခြား တပ်တွေလည်းပါတယ်။ ရွာထဲမှာပဲ ဝင်ရောက်တပ်စွဲထားတဲ့ စခန်းတွေဖြစ်ပါတယ်။ ” ဟု ကေအဲန်ယူ မူးမြို့နယ် ပြောခွင့်ရသူ ပဒိုစောစီပတရယ်က ပြောသည်။

Photo: KNU

အဆိုပါ စခန်းသိမ်းတိုက်ပွဲမှ လက်နက်ကြီး လက်နက်ငယ်များ၊ ခဲယမ်းများနှင့် စစ်သုံး ဆက်စပ်ပစ္စည်းများစွာကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦး ကျော် သေဆုံးကာ၊ (၂၀)ဦးထက်မနည်းထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ကျန်စစ်ကောင်စီတပ်သားများမှာ စခန်းများမှ စွန့်ခွာထွက်ပြေးခဲ့ကြကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ KNU ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်(၂)ဦး ကျဆုံးပြီး ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
၎င်းအပြင် ၎င်းတိုက်ပွဲများအတွင်း ပိတ်မိနေ‌‌သည့် စစ်ကောင်စီတပ် မိသားစုဝင်များကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့ကြရသည်ဟုလည်း ကေအဲန်ယူက ပြောသည်။