Home သတင်း ဖားအံအကျဥ်းထောင်ရှိ အကျဥ်းသားများ ‌‌နေထိုင်စားသောက်ရေးအခက်အခဲ ဆိုးရွားစွာကြုံနေရ

ဖားအံအကျဥ်းထောင်ရှိ အကျဥ်းသားများ ‌‌နေထိုင်စားသောက်ရေးအခက်အခဲ ဆိုးရွားစွာကြုံနေရ

841
Exif_JPEG_420

ဇူလိုင် ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ တောင်ကလေး အကျဥ်းထောင်တွင် အကျဥ်းချခံထားရသည့် အကျဥ်းသူ/အကျဥ်းသားများသည် ထောင်တွင်း နေထိုင်စားသောက်ရေး အခက်အခဲများ ဆိုးရွားစွာကြုံတွေ့နေရသည်ဟု အကျဥ်း‌‌သားများ၏ မိသားစုဝင်များထံမှ သိရသည်။

လက်ရှိတွင် ဖားအံအကျဥ်းထောင်တွင် သတ်မှတ်ဦးရေထက် ကျော်လွန်၍ အကျဥ်းသားများအား ပြည့်ကြပ်စွာ ထားရှိနေသည့်အပြင် ကျွေးမွေးသည့် အစားအသောက်များသည်လည်း ဓာတု ဆေးပါဝင်မှုများနှင့် လွန်စွာဆိုးရွားနေသည်ဟု နိုင်ငံရေး အကျဥ်းသားနှင့် နီးစပ်သူတစ်ဦးက ယခုလို ပြောသည်။

“ထောင်ထဲမှာ လူတအားကြပ်နေတယ်။ ယောကျ်ားလေးတွေဆို ပိုကြပ်တယ်။ လူများလွန်းလို့ ဘေး စောင်းပဲအိပ်ရတယ်။ တစ်ခန်းကို အနည်းဆုံး လူအယောက် ၅၀ ကနေ ၈၀ အထိ ရှိတယ်။ ညည ညောင်းလို့ ထိုင်အိပ်တဲ့သူတွေဆိုမိရင် ထိုင်ထလုပ်ခိုင်းခံထိတယ်။ ထမင်းဆိုလည်း ဆော်ဒါ ထည့် ချက်ပြီးတော့ ဆားနဲ့ ကန်စွန်းရွက် ဟင်းချိုအကျဲနဲ့ စားရတာများတယ်။ တစ်ပတ်တစ်ခါ အသားမစားရဘဲ ကန်စွန်းရွက်ထဲ ငါးထည့်တာလောက်ပဲ လုပ်ပေးတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အကျဥ်း‌ထောင်အတွင်း သောက်သုံးရေ သန့်ရှင်းမှု မရှိ၍ အကျဥ်းထောင်မှ ငွေကြေး ကောက် ယူပြီး အကျဥ်းသားများကို ဝယ်ယူခိုင်းနေသည့်အပြင် မိသားစုများဝင်များထံမှ လိုအပ်သည့် သောက်ရေ သွင်းယူခွင့်ကိုလည်း ပိတ်ပင်ထားခံရသည်ဟု အဆိုပါ နိုင်ငံရေးအကျဉ်းသားနှင့် နီးစပ်သူက ဖြည့်စွက်ပြောသည်။

လတ်တလောတွင် အကျဉ်းသားများကို တစ်လတစ်ကြိမ်သာ တွေ့ခွင့်ရှိပြီး လိုအပ်သည့် စားနပ်ရိက္ခာများကို တနင်္ဂနွေနေ့မှ လွဲ၍ ပို့ဆောင် ခွင့်ပြုထားကြောင်း၊ ပြီးခဲ့သည့် ဇွန်လမှ စတင်ကာ မိသားစုဝင်များမှ မဟုတ်လျှင် အစားအသောက် ပါဆယ်ပို့ခွင့်ကို ထောင်အာဏာပိုင်တို့က ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း အကျဥ်းသား မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။

ထိုကဲ့သို့ အကျဥ်းထောင်ထဲတွင် ကာလရှည်ကြာစွာ သောက်ရေမသန့်ရှင်းခြင်း၊ ထောင် အကျယ် အဝန်းနှင့် အကျဉ်းသားအရေအတွက် မမျှခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်း၊ ထောင် အာဏာပိုင်တို့ လူ့အခွင့်အရေးချိုးဖောက်ခြင်းများသည် အကျဥ်းသားများ၏ ကျန်းမာရေးနှင့် အသက်ရှင် သန်ရေး အန္တရာယ်ရှိလာနိုင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

၎င်းက “ အာဏာသိမ်းပြီးကတည်းက ထောင်ထဲမှာ စနစ်တွေ လုံးဝပျက်သုဥ်းသွားတယ်။ အကျဥ်းထောင် လက်စွဲဥပဒေဆိုတာ စာရွက်သာသာပဲ ရှိနေတယ်။ ဒီအတွက် အကျဥ်းဦးစီးတွေအပါအဝင် ‌ထောင်ဝန် ထမ်းတွေကိုယ်တိုင်က ပြုပြင်ပြောင်းလဲမှရမယ့် အခြေအနေ ဖြစ်ပါတယ်။ မပြောင်းလဲမှုတွေ ကြာလာ ရင်တော့ အကျဥ်းသားတွေမှာ အာဟာရပြတ်လပ်မှုတွေ၊ ဖျားပြီးရောဂါဖြစ်ပွားလာမှုတွေ၊ အဲ့ဒီကတဆင့် သေဆုံးမှုတွေ ဖြစ်အောင်အထိ လုပ်ဆောင်နေတယ်လို့ပဲ မြင်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အကျဥ်း‌ထောင်အတွင်း ထောင်အာဏာပိုင်များက ယခုလို လုံလောက်သော အာဟာရ ကျွေးမွေးမှု မရှိခြင်းသည်ဝမ်းပျက်ဝမ်းလျှောနှင့် အစာအိမ်ရောင်သည့် ရောဂါများအပြင် ရေမသန့်ရှင်းမှုကြောင့် အရေပြားရောဂါကဲ့သို့ ရောဂါဝေဒနာများကိုလည်း ပိုမိုဆိုးရွားစွာ ကြုံတွေ့လာရနိုင်ကြောင်း လည်း ကိုသိုက်ထွန်းဦးက ဖြည့်စွက်ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းအကျဉ်းထောင်များတွင် လူ့အခွင့်အရေးချိုးဖောက်မှု၊ သတ်ဖြတ်မှု၊ နှိပ်စက်မှု၊ ထောင်ပြောင်းရွှေ့မှုများအတွက် တာဝန်ရှိသော အကျဉ်းဦးစီးအရာရှိနှင့် ဝန်ထမ်း ၁၃၃ ဦး အမည်စာရင်းကို ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် PPNM က ထုတ်ပြန်လိုက်ပြီး တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ၎င်းတာဝန်ရှိသူများကို ဖမ်းဆီးအရေးယူရန် တောင်းဆိုထားသည်။

ပြီးခဲ့သည့်လတွင်လည်း ဖားအံအကျဥ်းထောင်ရှိ ထောင်အာဏာပိုင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ထောင်ဝင်စာပါဆယ်ပစ္စည်းအတွင်း ကန့်သတ်ပစ္စည်းပါဝင်မှုကြောင့်ဟု ဆိုကာ အကျဥ်းသား မိသားစုဝင်များ၏ ဧည့်တွေ့ခွင့်အပါအဝင် ပါဆယ်ပစ္စည်းပေးပို့မှုကအစ ငွေကျပ်သိန်းဂဏန်းမှ သိန်းဆယ်နှင့်ချီ၍ ငွေကြေးတောင်ခံမှုများ လုပ်ဆောင်နေသည်ဟု ဒေသတွင်း သတင်းဖော်ပြချက်အရ သိရသည်။

၂၀၂၁ ခုနှစ်၊ အာဏာသိမ်းချိန်မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ထိ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ် ရှားမှုများနှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၄၃၇) ဦးရှိပြီး ထိုအထဲမှ (၂၂၂၁၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်သည်။ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၉၀၃) ဦးမှာ ထောင်ဒဏ်ချ မှတ်ခြင်းခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဇူလိုင်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။