ဇူလိုင် ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို စစ်ကောင်စီတပ်/DKBA ဗိုလ်ဘိ ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ၂၄ ရက်နေ့တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် ၅ တိုင်ကျေးရွာရှိ ရွာသားနှစ်ဦးကို ပစ်ခတ် သတ် ဖြတ်ပြီး တစ်ဦးအား ခြေထောက်ပစ်ချိုးခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။
“ကျုံဒိုးကနေ ၂၄ ရက် စပြီးထွက်ကတည်းက မစ်ဇိုင်းတွေရွာဘက်တွေ ပစ်ထည့်ပြီး စစ်ကြောင်းထိုးလာ တာ။ မိဂလုံ၊ ကမ္မရိုက်၊ မာလာကုန်း၊ နောင်တမံ၊ နွားခြံကုန်းကို ၁၂၀ ဟောင်ဝှစ်ဇာတွေပစ်ထည့်တာ။ ငါးတိုင်ရောက်တော့ ဗိုလ်ဘိအဖွဲ့က ရွာသားမန်းကျော်ရှားလာနဲ့ မန်းအကလိုက်ကို ပစ်သတ်တယ်၊ ပြီးတော့ အသက် ၆၃ နှစ်ရှိတဲ့ ဦးတင်တင်ကို ခြေထောက်ပစ်ချိုးလိုက်တယ်”ဟု ၎င်းသတင်း အရင်းအမြစ်က ပြောသည်။
ထို့အပြင် ယမန်နေ့ ဇူလိုင်၂၅ ရက် ညနေပိုင်းတွင်လည်း စစ်ကောင်စီတပ်က နောင်တမံကျေးရွာကို လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးပျက်စီးပြီး ကလေးငယ်နှစ်ဦး သေဆုံးခဲ့သေးကြောင်း ကျုံဒိုးစစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။
အဆိုပါ စစ်ကောင်စီ/DKBA ပူးပေါင်းစစ်ကြာင်းမှာ ကော့ကရိတ်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ ၁၂ ဘက်မှ စစ်ကြောင်းများဖြင့် ငါးတိုင်၊ ခုနှစ်တိုင်ရွာတွင် ချိတ်ဆက်ပူးပေါင်းမိပြီး ကျုံဒိုး / ကော့ကရိတ် လမ်းပိုင်းကို ထိန်းချုပ်ထားလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ဇူလိုင်လ ၂၅ ရက်နေ့လည်ပိုင်းက ၇ တိုင်ရွာအနီး တံတားနေရာတွင် ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိသည့်အတွက် အလောင်းများသယ်ယူပြီး ဂျိုင်းကျေးရွာသုသာန်၌ ညတွင်းချင်းမီး သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
လတ်တလော စစ်ကာင်စီ/DKBA ပူးပေါင်းတပ်က ကျုံဒိုးမှ ကော့ကရိတ်လမ်းပိုင်းနေရာများ ပျက်စီး နေသည့်တံတားများကို ယာယီဘေလီသံဘောင်တံတားများထိုးရန်၊ လမ်းပိုင်းပျက်စီးမှုများပြုပြင်ရန် ဖားအံဆောက်လုပ်ရေးလမ်း/တံတားဌာနယာဉ်၊ ယန္တယားများဂျိုင်းတံတားဘက်တွင် ရောက်ရှိနေ သည်ဟု သိရသည်။
သို့သော် KNLA မဟာမိတ်တပ်များနှင့် စစ်ကောင်စီ/ DKBA ပူးပေါင်းတပ်များ လက်နက်ကြီး အပြန် အလှန်ပစ်ခတ်မှုဆက်ရှိနေသလို မြေပြင်ပြောက်ကျားတိုက်ပွဲများ ဆက်ရှိနေသည့်အတွက် ပြုပြင်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။



















