ဇူလိုင် ၂၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တွင် ဇူလိုင်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြို့ ခံစီးပွားရေး လုပ်ငန်းရှင်တစ်ဦး ပြန်ပေးဆွဲ ငွေညှစ် တောင်းခံရသည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် လွတ်မြောက်နေသူများကို ရှာဖွေဖမ်းဆီးပြီး အမှုမှန် ပေါ် ပေါက်အောင် ရှာဖွေဖော်ထုတ်သွားမည်ဟု ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA က ယနေ့ မီဒီယာ များကိုတွေ့ဆုံ ရှင်းလင်းပြောဆိုသည်။
မြဝတီမြို့က ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ရောင်းဝယ်တင်သွင်းသည့် လုပ်ငန်းရှင် ဟာဂျီ ဦးမြတ်ကိုကို အား DKBA တပ်ဖွဲ့ဝင်ကဒ်ပြားများကိုင်ဆောင်ထားသည့် ရဲထက် (ခေါ် ) ကိုကိုရဲမြင့် ဦးဆောင်သည့် လူတစ်စုက ပြန်ပေးဆွဲ ဖမ်းဆီးပြီး ငွေတောင်းခံသည့်ဖြစ်စဉ်အပေါ် DKBA က သတင်းမီဒီယာများကို မြဝတီ မြို့နယ်အတွင်းရှိ ၎င်းတို့ ဌာနချုပ်၌ တွေ့ဆုံရှင်းလင်းကာ ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ် အသေးစိတ်ကို မသိရှိရသေးသော်လည်း ထွက်ပြေးလွတ်မြောက်နေဆဲ ကျူးလွန်သူ များကို ရှာဖွေ ဖမ်းဆီး ကာ အမှုမှန် ပေါ်ပေါက်အောင် ကြိုးပမ်းပေးသွားမည်ဟု မီဒီယာ ရှင်းလင်းပွဲတွင် DKBA ၏ ဗဟို ကုန်သွယ်ရေးဌာန၊ ဌာနမှူး ဗိုလ်မှူးကြီးစောထွဋ်ဖိုး က ယခုလို ပြောသည်။
“ပြည်သူလူထုကိုလည်း အတတ်နိုင်ဆုံး ထိခိုက်နစ်နာမှု မရှိအောင်တော့ ဆက်လက်ပြီးတော့ ရှာဖွေပြီးတော့ အရေးယူ ပေးပါမယ်။ ပြည်သူ လူထုအရှေ့မှာ ချပြပေးပါ့မယ်” ဟု ၎င်းက ပြောဆိုသည်။
ထွက်ပြေးလွတ်မြောက်နေဆဲ ရဲထက် (ခေါ် ) ကိုကိုရဲမြင့် နှင့် အဖွဲ့ဝင်များကို DKBA မှ တပ်ဖွဲ့ဝင်မှန်ကန်ကြောင်း ယာယီ ကဒ်ပြားထုတ်ပေးထားသည်ဟု ဗိုလ်မှူးကြီး စောထွဋ်ဖိုးက သတင်းစာရှင်းလင်းပွဲ၌ ပြော ဆိုသည်။
သို့သော် ၎င်းတို့ ထုတ်ပေးထားသည့် တပ်ဖွဲ့ဝင်မှန်ကန်ကြောင်း ကဒ်ပြားသည် စီးပွားရေး လုပ်ဆောင်ရာတွင် အဆင်ပြေစေရန် ယာယီသဘောမျိုး ထုတ်ပေးထားခြင်းသာဖြစ်ပြီး DKBA ၏ ဗဟိုစစ်ဌာနချုပ်ရုံးက အသိအမှတ် ပြုသည့် တပ်ဖွဲ့ဝင် စီစစ်ရေးကဒ်ပြားမဟုတ်သည့်အတွက် တရားဝင်တပ်ဖွဲ့ဝင်များ မဟုတ်သေး ကြောင်းလည်း တာဝန်ရှိသူများက ရှင်းလင်းပြောဆိုခဲ့သည်။
ရဲထက် (ခေါ် )ကိုကိုရဲမြင့် ဦးဆောင်သည့် အဖွဲ့တွင် အဖွဲ့ဝင် (၃၀) ဦးခန့်ရှိပြီး ယခုဖြစ်စဉ်တွင် ပြန်ပေးဆွဲ၊ ငွေညှစ်၊ ခြိမ်းခြောက်မှုကို ကျူးလွန်သူမှာ (၁၀) ဦးသာ ဖြစ်ကြောင်း ကျူးလွန်သူ (၁၀) ဦးအနက် ပြန်ပေးငွေ လာရောက် ယူဆောင်သူ တေဇာလင်း (ခေါ် )ရှောက်ပေါင်းကို နယ်ခြားစောင့်တပ်(BGF)က အသေးပစ်ခတ် ဖမ်းဆီးရမိပြီး တစ်ဦး အရှင်ဖမ်းမိကြောင်း DKBA က ဆိုသည်။
ပြန်ပေးဆွဲသူ ၁၀ ဦးအနက် ၈ ဦးမှာ လွတ်မြောက်နေဆဲဖြစ်ပြီး အရှင်ဖမ်းဆီးရမိထားသူများကို စစ်ဆေးမေး မြန်းမှုများပြုလုပ်နေပြီး အမှုမှန်များပေါ်ပေါက်ပါက ထပ်မံချပြရှင်းလင်းပေးသွားမည်ဟုလည်း DKBA က သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
လက်ရှိတွင် ယာယီတပ်ဖွဲ့ဝင်ကဒ် ထုတ်ပေးခဲ့သူ DKBA ၏ ဗဟို ကုန်သွယ်ရေးဌာနမှူး ဗိုလ်မှူးကြီး စောထွဋ်ဖိုး ကို အပြစ်ပေးသည့်အနေဖြင့် ကုန်သွယ်ရေးဌာန လုပ်ငန်းတာဝန်မှ ၆ လ ရပ်ဆိုင်း ထားကြောင်း တာဝန်ရှိသူများထံမှ သိရသည်။



















