Home သတင်း လယ်မူလားမြို့နယ် မိမ္မမြို့ရွာနှင့် ဘိုင်းပြင်ရွာ ဗုံးကြဲခံရ ကလေးတစ်ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

လယ်မူလားမြို့နယ် မိမ္မမြို့ရွာနှင့် ဘိုင်းပြင်ရွာ ဗုံးကြဲခံရ ကလေးတစ်ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

498
Photo: KNU

ဇူလိုင် ၂၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား(ပုလေ) မြို့နယ်၊ မိမ္မ(မိန်းမ) မြို့ရွာနှင့် ဘိုင်းပြင်ရွာကို စစ်ကောင်စီက ဇူလိုင် ၁၉ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးတစ်ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိသွားသည်ဟု ခရိုင်အတွင်းရေးမှူး ပဒိုအယ်နာက ပြောသည်။

ယမန်နေ့ ဇူလိုင် ၁၉ ရက်နေ့ နံနက် ၁၀ နာရီဝန်းခွဲခန့်တွင် လယ်မူလား (ပုလော) မြို့နယ်ရှိ မိမ္မ(မိန်းမ)မြို့နှင့် ဘိုင်းပြင် ကျေးရွာ ထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပဒိုအယ်နာက ယခုလို ပြောသည်။

“အရင်ကလည်း အဲဒီနေရာကို ဗုံးလာကြဲဖူးတယ်။ တိုက်ပွဲမဖြစ်ပဲနဲ့ အရပ်သားနေရာမှာ လာကြဲတာ။ အခု သေသွားတဲ့ ကလေးက (၁၃) နှစ်ပဲ ရှိသေးတယ်။ ထိခိုက်တဲ့သူတွေလည်း ဒဏ်ရာ ပြင်းထန်ကြတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ် နောက်ဆုံးရအချက်အလက်များအရ ဗုံးကြဲမှုကြောင့် သေဆုံးသူ ကလေးတစ်ဦး အပါအဝင် ထိခိုက်ဒဏ်ရာရသူကနဦး ၃ ဦးရှိရာမှ ၇ ဦးအထိ ထပ်တိုးလာသည်ဟု ပဒိုစောအယ်နာက ဖြည့်စွက်ပြောသည်။

Photo: KNU

ဗုံးကြဲမှုပြုလုပ်ခဲ့သည့် စစ်ကောင်စီ လေယာဉ်သည် မြိန်လေတပ်မှ ထွက်ခွာလာသည့် ဂျက်ဖိုက်တာ ဖြစ်ပြီး ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာ အုပ်စု၊ မိမ္မ(မိန်းမ) မြို့ကျေးရွာ အနီးသို့ ဗုံးကြဲချတိုက်ခိုက်ပြီး စက်သေနတ် ဖြင့်ပါ ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ တပ်ရင်း(၁)ကလည်း သတင်းထုတ် ပြန် ထားသည်။

ထို့ပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိမ္မ(မိန်းမ)မြို့ရွာ၊ လူနေအိမ် (၃) လုံးလည်း ပျက်စီးသွားပြီး ထပ်မံဗုံးကြဲ တိုက် ခိုက်လာမည်ကို ဒေသခံများ စိုးရိမ်နေသည်ဟု သိရသည်။

အလားတူ ယမန်နေ့တစ်ရက်ထဲတွင် ၎င်းကျေးရွာနှစ်ရွာအပြင် လယ်မူလား ကဝါးကျေးရွာတွင်လည်း စစ်တပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပိုင် အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့ သည်ဟု ခရိုင်ထုတ်ပြန်ချက်အရ သိရသည်။