ဇူလိုင် ၂၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာ နယ်စပ် တလျောက် မိုးများရေကြီးပြီး နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်ကို သတိပြုနေထိုင် ကြရန် ထိုင်းအစိုးရ သဘာဝဘေးအန္တရာယ် အရေးပေါ် သတိပေးချက်ဌာနက သတိပေးချက်ထုတ်ပြန်လိုက်သည်။
အဆိုပါ သတိပေးချက်ကို နယ်စပ်ဒေသတလျောက်နေထိုင်သူများထံသို့ မိုဘိုင်းဖုန်းအော်ပရေတာများမှတစ်ဆင့် လည်း သတိပေးချက်ပေးပို့ခဲ့သည်။
ထိုသတိပေးချက်တွင် မယ်ဆိုင် မြစ် ရေမြင့်တက်လာမှုကို အထူးသတိထား စောင့်ကြည့်ရမည်ဖြစ်ကြောင်း ချုံခပ်ခရိုင်၊ တာ့ခ်ခရိုင် အတွင်းရှိ မဲဆောက်၊ မယ့်ရမတ်၊ သာ့ဆောင်ယန်း၊ ဖို့ဖရက် မြို့များတွင်လည်း မြစ်ရေလျှံမှု နှင့် ကမ်းပါးပြိုကျနိုင်မှု ကြောင့် အထူးသတိထားကြရန် တိုက်တွန်းထားသည်။
ယနေ့ဇူလိုင် ၂၃ ရက်နေ့ ညနေ ပိုင်းတွင် မဲဆောက်မြို့အတွင်း ရှိ ရေမြောင်းကြီးများ ရေလျှံမှုဖြစ်လာသလို သောင်ရင်း မြစ်ရေလျှံသည့်အတွက် မြစ်ဘေးတွင် နေထိုင်သည့် ထိုင်း-မြန်မာ အများအပြား နေရာပြောင်းရွှေ့ ရခြင်းများ ရှိကြောင်း သိရသည်။
ဝေဖာမုန်တိုင်း၏ အရှိန်ကြောင့် ဇူလိုင်လ ၂၂ရက်နေ့မှစတင်၍ ၂၄ ရက်နေ့အထိ ထိုင်းနိုင်ငံအတွင်းရှိ တာ့ခ်ခရိုင် အပါအဝင် ခရိုင်အများအပြားတွင် မိုးသက်လေပြင်းကျပြီး ရေးကြီးနိုင်၍ သတိပြုကြရန် ဇူလိုင်လ ၂၀ရက်နေ့ မှစ၍ ထိုင်းအစိုးရက သဘာဝဘေးအန္တရာယ် သတိပေးချက်ကို မိုဘိုင်းဖုန်းများသို့ ကြိုတင်မက်ဆေ့ပေးပို့ သတိပေးထား သေးသည်။



















