Home သတင်း ဝီဖာဆိုင်ကလုန်းမုန်တိုင်းအန္တရာယ် သတိပေးပြင်ဆင်ချက် ကေအဲန်ယူ အရေးပေါ်ကြေညာ

ဝီဖာဆိုင်ကလုန်းမုန်တိုင်းအန္တရာယ် သတိပေးပြင်ဆင်ချက် ကေအဲန်ယူ အရေးပေါ်ကြေညာ

547
Photo ​crd:​ Win​Naing & CJ

ဇူလိုင် ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အပါအဝင် မြန်မာအရှေ့တောင်ပိုင်းသို့ ဇူလိုင်(၂၃)နှင့်(၂၄)ရက်တွင် ဝင်ရောက် လာနိုင်သည့် ဝီဖာဆိုင်ကလုန်းမုန်တိုင်းအန္တရာယ်အပေါ် ကြိုတင်ပြင်ဆင်ရှောင်ရှားကြရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ယနေ့ အရေးပေါ်သတိပေးကြေညာသည်။

တောင်ပိုင်းဒေသသို့ဝင်ရောက်လာနိုင်သော အားကောင်းသည့် အဆိုပါမုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးပြီးမြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်ပြီး လူထုနေအိမ်များ၊ လယ်ယာလုပ်ငန်းခွင်များ ထိခိုက်ပျက်စီးမှုအပြင် ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နိုင်ကြောင်း ကေအဲန်ယူက သတိပေး ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လိုအပ်သည့်ရိက္ခာပစ္စည်းနှင့်ဆေးဝါးများ၊ အရေးပေါ်ကိရိယာများ ကြိုတင်ပြင်ဆင်၍ လိုအပ်လျှင် ရေဘေးလွတ်ကင်းမည့်နေရာများသို့ ကြိုတင်ပြောင်းရွှေ့ထားကြရန် တိုက်တွန်းထားသည်။

ကြိုတင်ပြင်ဆင်မှုဖြင့်သာ အသက်ကယ်နိုင်မည်ဖြစ်ပြီး သဘာဝဘေးဒဏ်ပြန်လည်ထူထောင်ရာတွင် ထိရောက်မြန်ဆန်မည်ဖြစ်သည်ဟု ကေအဲန်ယူက ဆိုသည်။

Photo ​crd:​ Win​Naing & CJ

မြန်မာနိုင်ငံ မိုးလေဝဿနှင့်ပညာရှင်များ၏ အသိပေးချက်အရ တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းမှ မြန်မာနိုင်ငံ အတွင်း ဝင်ရောက်လာသော ဆိုင်ကလုန်းမုန်တိုင်း ဝီဖာကြောင့် ဇူလိုင်၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ မြန်မာ တိုင်းနှင့်ပြည်နယ်အနှံ့ မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးကြီးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနှင့်ထိုင်းနယ်စပ် တာ့ခ်ခရိုင်အတွင်းတွင်လည်း ဝီဖာမုန်တိုင်းအဖျားခတ်ဝင်ရောက်နိုင်၍ ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အစည်းအဝေးခေါ်ယူကာ မုန်တိုင်း အန္တရာယ်သတိပေးမှု ကြိုတင်ပြုလုပ်ခဲ့သလို လက်ရှိတွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်နေသည်။

အလားတူ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းနေပြီး အချို့နေရာများ၌ မိုးကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။