Home တွေ့ဆုံမေးမြန်းခန်း KWO ဥက္ကဋ္ဌ နော်ကညောဖော နှင့် ဆက်သွယ်မေးမြန်းခြင်း

KWO ဥက္ကဋ္ဌ နော်ကညောဖော နှင့် ဆက်သွယ်မေးမြန်းခြင်း

1133

“ဒုက္ခသည်တွေကို သနားခိုင်းတာမျိုးမဟုတ်ဘဲ သူတို့ခြေထောက်ပေါ် သူတို့ရပ်တည် နိုင်ဖို့ လုပ်ဆောင်ပေးတာမျိုး ဖြစ်စေချင်တယ်။ ”

KWO ဥက္ကဋ္ဌ နော်ကညောဖော နှင့် ဆက်သွယ်မေးမြန်းခြင်း

ဇူလိုင် ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ယခု ဇူလိုင်လကုန်တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းတော့မည့် အခြေအနေအပေါ် ဒုက္ခသည်များ စခန်းအပြင်ထွက် အလုပ်လုပ်ခွင့်ရရေးနှင့် ပေါ်စလစီတစ်ခု ပေါ်ထွက်လာရေး ထိုင်းလွှတ်တော် ကော်မတီများထံ စာချွန်လွှာ သွားတင်သွင်းခဲ့သည့် ကရင်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဥက္ကဋ္ဌ နော်ကညောဖောနှင့် မေးမြန်းထားသည်များကို ဖော်ပြ လိုက်ပါသည်။

မေး။ ။ ထိုင်းလွှတ်တော်ကော်မတီကို နယ်စပ်ဒုက္ခသည်တွေအတွက် အကူအညီပေးဖို့ လူမှုအဖွဲ့အစည်းတွေ စာချွန်လွှာ တင်သွင်းတွေ့ဆုံခဲ့တဲ့ အခြေအနေကို ပြောပြပေးပါ။

ဇူလိုင်လကုန်မှာ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေ ရိက္ခာပြတ်တောက်မယ့်အခြေအနေနဲ့ပတ်သက်ပြီး ထိုင်း အစိုးရက သိဖို့၊ UNHCR လို INGO အဖွဲ့တွေကဖြစ်ဖြစ်၊ သံရုံးတွေထံကဖြစ်ဖြစ် တစ်ဆင့်ကြားရင် ကြားမယ်။ ဒါပေမယ့် ဒုက္ခသည်ကူညီပေးနေတဲ့ ဒေသအတွင်းက တစ်ဆင့် တင်ပြတာကို ကြားသင့် တယ်ဆိုပြီး နယ်စပ် မှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ထိုင်းဒေသအတွင်းက အရပ်ဖက်အဖွဲ့စည်းတွေ ဆွေးနွေးဖြစ်တာ ကြာပြီး။

အဲ့ဒါသွင်းတင်ပြဖို့က ထိုင်းလွှတ်တော် ပြန်မစသေးချိန်နဲ့ တိုက်တယ်။ ဒီ ဇူလိုင်လမှ ပြန်စတော့ မယ်လို့သိတော့ ထိုင်းအရပ်ဖက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လွှတ်တော်မှာ ဒုက္ခသည်ကိစ္စနဲ့ ဆိုင်တဲ့ ကော်မတီတွေထံ စာတင်ပြတယ်။ ကော်မတီ ၅ ခုကို စာတင်ပြတွေ့တာပါ။ အဲ့ကော်မတီတွေက နိုင်ငံလုံခြုံရေး နဲ့ ပတ်သက်တဲ့ National Security ၊ ပြီးတော့ Border Affairs၊ National Strategy, and National Reform။

ပြီးတော့ အမျိုးသားလုံခြုံရေးနယ်စပ်ရေးရာ အမျိုးသားမဟာဗျူဟာနဲ့ ပြုပြင်ပြောင်းလဲရေးကော်မတီ၊ နောက် ဥပဒေ တရားမျှတမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီတွေကို အသိပေးစာသွားပေးတယ်။ ကျမတို့အရပ်ဖက် အဖွဲ့ဘက်ကတော့ (၁၁)ဖွဲ့ပေါ့၊ ကရင်အဖွဲ့တွေတော့ KRC (Karen Refugee Committee) ၊ KWO (Karen Women Organization)၊ KPSN (Karen Peace Support Network)၊ KSNG (Karen Student Network Group) ၊ ကရင်နီဘက်ကတော့ KnRC( Karenni Refugee Committee ) ၊ KNOW (Karenni National Women’s Organization) ထိုင်းဘက်ကတော့ အဖွဲ့ ၄ ဖွဲ့ပါတယ်။ အဲဒီအဖွဲ့တွေက FWB (Friends Without Borders Foundation)၊ CIPT (Council of Indigenous Peoples in Thailand) HRDF (Foundation for Human Rights and Development) ၊ MWG (Migrant Working Group ) တို့ ဖြစ်တယ်။

မေး။ ။ အဲဒီ့ကော်မတီတွေကို ဆရာမတို့ ဘာအချက်တွေ တောင်းဆိုတင်ပြတာရှိလဲ ရှင်းပြပေးပါအုံး။

ကျမတို့ သွားတင်ပြတာက အချက်(၄)ချက်ပါတယ်။ နံပါတ်(၁)က ဒုက္ခသည်စခန်းမှာ နေတဲ့လူတွေက မျိုးဆက် ၄ ဆက်လောက်ရှိပြီး ၄၀ ရာခိုင်နှုန်းက ဒုက္ခသည်စခန်းမှာ မွေးလာတယ်။ တချို့ကတော့ စခန်းမှာမမွေးပေမယ့် ငယ်ငယ်ကတည်းက ဒုက္ခသည်စခန်းထဲကို ရောက်လာတယ်။ မြန်မာပြည်မှာ အခြေအနေ ဘယ်လို ရှိလဲတောင် သူတို့မသိဘူး။ နောက်တစ်ခုက ဇူလိုင်လကုန်ကျရင် ရိက္ခာပြတ်တောက်တော့မယ် အဲဒါကြောင့် သူတို့တွေက သူတို့ကိုယ်သူတို့ ရပ်တည်နိုင်ဖို့ အရင်က ထိုင်းအစိုးရက သူတို့ကို နိုင်ငံတကာ အကူအညီ လာပေးတာကို ခွင့်ပြု ပေးတယ်။ အဲဒါကြောင့် ဒုက္ခသည်တွေဟာ နိုင်ငံတကာအလှူနဲ့ပဲ ရပ်တည်ရှင်သန် ရမယ်ဆိုပြီး ပေါ်လစီ ရှိတယ်။

အရင်ကတည်းက ထောက်ပံ့မှု မလုံလောက်ဘူးဆိုတာ အကုန်သိတယ်။ တစ်နေ့လုပ်တနေ့စား တွေဆို တစ်လလုံးမှ ၇၉ ဘတ်ပဲရတယ်။ ဘယ်လိုမှ စားလို့ မလောက်ဘူး၊ အလုပ်လုပ်ခွင့်ပေးသင့်ပြီး။ ဒါကြောင့် ကျမတို့ တောင်းဆိုတဲ့ ပထမအချက် ကိုယ့်ကိုယ်ကို ရပ်တည်နိုင်ဖို့ အပြင်ထွက်အလုပ်လုပ်ခွင့် ပေးဖို့ ဖြစ်တယ်။ (၂) အချက် ကတော့ ဒုက္ခသည်တွေအတွက် အခွင့်အရေးတစ်ခုခုပေးတာဖြစ်စေ၊ သူတို့ အတွက် အနီးကပ်လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေကို အသိပေးဖို့။ ဘာလို့ဆိုရင် ဒုက္ခသည် အခြေအနေကို သူတို့ အသိဆုံးပဲ။

နံပါတ် (၃) အချက်က ထိုင်းဘာသာစကားကို သင်ကြားခွင့်ရဖို့၊ ဘာလို့လဲဆိုရင် ဒုက္ခသည်တွေက အပြင်ထွက်ပြီး ဆိုရင် ထိုင်းစကားပြောတတ်ဖို့က အရေးကြီးတယ်။ ဒါကြောင့် ထိုင်းစာ၊ စကားကို သင်ကြားခွင့်ရဖို့ ဖြစ်တယ်။ နောက်တစ်ချက်က ဒုက္ခသည်စခန်းမှာ လူဦးရေစာရင်းက တူမနေဘူး၊ TBC က ထောက်ပံ့တဲ့သူက တစ်သိန်း ကျော် ရှိတယ်လို့ ပြောတယ်။ UNHCR(United Nations High Commissioner for Refugees) နဲ့ MOI (Ministry of Interior) မှာက ရှစ်သောင်းကျော်၊ အဲလောက်ပဲ ရှိတယ်၊ တချို့ စာရင်း ထဲမှာ နာမည်မပါတာတွေ အများကြီး ရှိတယ်။ စာရင်းနောက်တစ်ကြိမ် ထပ်ကောက်ဖို့ကို တောင်းဆို ဖြစ်တယ်။

မေး။ ။ ထိုင်း လွှတ်တော်ဘက်က ဘယ်လို အသိပေးတာတွေရှိလဲ။

ဒီစာကိုသွားတင်တာ မျှော်လင့်ချက်အများကြီးရှိတယ်။ ပြန်ကြည့်ရင် အဖွဲ့တိုင်းက သူတို့ အမြင်တူတယ်။ ဒါတွေ မကဘဲ ဒုက္ခသည်တွေကို အုပ်ချုပ်ရတဲ့ ထိုင်းရဲ့ MOI ပြီး‌တော့ NSC (National Security Council) ဖြစ်စေ ထိုင်း ကျန်းမာရေးအဖွဲ့ဘက်ကဖြစ်စေ ပြီးတော့ အတူပါသွားတဲ့ တာ့ခ်ခရိုင် ဒုဥက္ကဋ္ဌ ရော သူတို့တွေက ဒုက္ခသည် အခြေအနေတွေကိုသိတော့ ဒုက္ခသည်တွေအပြင် အလုပ်ထွက်လုပ်တဲ့အခွင့် အရေး ပေးသင့်တယ်ဆိုပြီး သူတို့က အမြင်သဘောထား ရှိတယ်ပေါ့နော်။

ဘယ်လိုလုပ်ဆောင်သွားရမလဲဆိုတော့ သူတို့သေသေချာချာ ပြန်ဆွေးနွေးရမယ်။ လုပ်ဆောင်ပေး ရမယ့်ဌာနက များတယ်။ ဥပမာ အလုပ်သမားကော်မတီ ဘက်ကပြောမယ့် အလုပ်လုပ်ခွင့်ပေးဖို့ အချက်အလက်အစုံရှိမှ ပေးလို့ ရမယ် ပြောမယ်။ ပြီးတော့ MOI ဘက်ကအချက်အလက် အပြည့်အစုံ ရှိပေမယ့် အလုပ်လုပ်ခွင့်ပေးဖို့က အလုပ် သမားဝန်ကြီးဌာနတာဝန်ပဲဆိုပြီး ပြန်ပြောရင် ပြောမယ်။ နောက် အလုပ်လုပ်ခွင့်ပေးဖို့ လုံခြုံရေးဌာန ဘက်က လည်း ထောက်ခံချက်ပေးဖို့လိုအုံးမယ် ဆိုပြီးဌာနတွေများတော့ သေသေချာချာ သူတို့ ပြန်ဆွေးနွေး ရမယ်။

စာသွားတင်တဲ့ နယ်စပ်လုံခြုံရေးဌာနဘက်က အကြီးပိုင်းတစ်ယောက်က အချိန်အတိအကျ တစ်ခုရှိဖို့ တောင်း ဆိုထားတယ်။ အချိန်က မစောင့်ဘူးဆိုတော့လေ။ ဒါကြောင့် အမြင်သဘော ထားတွေက တူညီကြတော့ အဖြေကောင်းတစ်ခုရမယ်လို့ ယုံကြည်တယ်။

ကိုယ်တိုင်သွားတင်ပြဖို့က သူတို့နိုင်ငံသား မဟုတ်တဲ့အတွက် ကျမတို့တင်ပြတာထက် သူတို့ နိုင်ငံ သားတင် ပြတာက ပိုပြီး နားထောင်မယ်။ ဒီကိစ္စ နောက်မကျဖို့ ထိုင်းအရပ်ဖက်အဖွဲ့တွေက လွှတ်တော် အမတ်တွေကို တွန်းအားပေးတာတို့၊ ဒုက္ခသည် အပြင်ထွက်လုပ်တဲ့အခါ ငွေတောင်းတာတွေမရှိဖို့ နောက်ပြီးဒီကိစ္စ အချိန်မဆွဲ ဖို့ကို သူတို့အစိုးရကို တွန်းအားပေးဖို့ ထိုင်းအရပ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်း ဖို့ရှိတယ်။ နောက် ထိုင်းပြည်သူတွေ က ဒုက္ခသည်တွေကို နားလည်ပေးဖို့ စာနာထောက်ထားဖို့အတွက် ထိုင်းမီဒီယာတွေက ရေးသားထုတ်ဖော် နိုင်ဖို့ ကိုလည်း လုပ်ဆောင်ဖို့ အစီစဉ်ရှိတယ်။

မေး။ ။ ဒုက္ခသည်တွေ ရိက္ခာထောက်ပံ့မှုရရှိဖို့အတွက် ဆရာမတို့ အစီအစဉ်ဘာတွေရှိလဲ။

လိုအပ်ချက် အရမ်းများတဲ့လူတွေက TBC က ထောက်ပံ့မှုစရိတ် ရှိသေးတယ်။ အခုက တစ်နေ့လုပ် တစ်နေ့စားတဲ့ လူတွေအတွက်က ဇူလိုင်လ ကုန်ရင် ရိက္ခာပြတ်တောက်တော့မယ်ဆိုတော့ သူတို့အပြင် ထွက်ပြီး အလုပ်လုပ်ခွင့် ရဖို့က အလွန်အရေးကြီးတယ်။ အဲဒါကြောင့် အဲဒီကိစ္စကို ကျမတို့က တိုက်တွန်းချင်တယ်။ နောက်ပြီး TBC တို့လို ဒုက္ခသည်ကို ကူညီပေးတဲ့ NGO အဖွဲ့တွေကလည်း ဒါကို မြန်မြန် ဖြေရှင်းပေးဖို့ ထိုင်းအစိုးရကို တိုက်တွန်းသွားဖို့ ရှိတယ်။ ကျမတို့က ဒုက္ခသည်တွေဟာ အနည်းဆုံးအနိမ့်ဆုံးအလုပ်ကို တရားဝင်လုပ်ခွင့်ပေး စေချင်တယ်။

ရေရှည်မှာ အလုပ်ဘယ်အဆင့်လုပ်ခွင့်ပေးသင့်သလဲဆိုတာကတော့ ဒါက နောက်တစ်ဆင့် ဆက်သွား ရမှာပေါ့။ အခု ဇူလိုင်လ ကုန်ရင်တော့ တစ်နေ့လုပ်တစ်နေ့စားတဲ့လူတွေအတွက်က အပြင်ထွက်ပြီး လုပ်နေရမှာပဲ၊ ဒီလိုပဲ နေသွားလို့မရဘူး။ တချို့က နိုင်ငံခြားရောက်သွားတဲ့ အမျိုးတွေက ပြန်ထောက်ပံ့ပေးတာတို့ ရှိရင်ရှိမယ် အဲဒါက နည်းနည်းပဲ။ အများစုက အပြင်ထွက်ပြီး အလုပ်ရှာဖွေလုပ်ကိုင်ရမှာပဲ။ အပြင်ထွက်ပြီး ဆိုရင် တချို့ဖမ်းဆီးခံရမှာတို့ ရှိလာတော့မယ် အဲဒါကို ကျမတို့ စဉ်စားထားတယ်။

ကျမတို့ ဘန်ကောက်သွားတဲ့အချိန်မှာ National Human Right Commission နဲ့ လည်းသွားတွေ့ဖြစ်တယ်။ အဲဒီ ကိစ္စတွေကို သူတို့ကိုပြောတာရှိတယ်။ သူတို့ကလည်း ဘာတွေကူညီပေးရမလဲဆိုပြီး ပြောလာတာရှိတယ်။ အကယ်၍ အပြင်ထွက် အလုပ်လုပ်ပြီး အဖမ်းခံရရင် မြန်မာပြည်ကို ပြန်မပို့ဖို့အတွက် ဘယ်လို ချိတ်ရမလဲ၊ အဲဒါ သူတို့ကို ပြောတာရှိတယ်။ ကျမတို့ ဖြစ်စေချင်တာက အခုရေတိုအတွက် အပြင်နေ့စား တရားဝင် အလုပ်ထွက် လုပ်ခွင့်ရဖို့ ရေရှည်အတွက်ပေါ်လစီ တိတိကျကျရှိဖို့လိုတယ်။ ရှိမှ အလုပ်လုပ်ဖို့ အစီစဉ်တွေ ချလို့ရမယ်။

စာသွားတင်တဲ့နေ့မှာ ဒုက္ခသည်စခန်းကို ကရင်ခေါင်းဆောင်တချို့ သွားရောက်တွေ့ဆုံ အားပေးတာရှိတယ်။ ကော်သူးလေမှာ ပြန်ပြီးကူညီဖို့ကိုလည်း ဖိတ်ခေါ်တာရှိတယ်။ ကျမလည်း အဲလိုမြင်တယ်။ ကျမတို့ မိဘတွေ၊ ပြီးတော့ ကျမတို့မျိုးဆက်မှာလည်း ကိုယ့်နိုင်ငံကို ပြန်နေချင်ကြ တာပဲ။ ဒါပေမယ့် စိုးရိမ်နေရတာက လုံခြုံရေးပေါ့ အခုဆိုရင် လေယာဉ်ဒဏ်ကိုလည်း စိုးရိမ်နေရတယ်။ တစ်ဖက်က ပြန်စဉ်းစားကြည့်လိုက်ရင် ကိုယ့်နိုင်ငံထဲ မှာ လူတွေဒီလိုပဲ ရှင်သန်ရပ်တည်ပြီး နေကြတယ်။ သူတို့နေနိုင်သလို ကျမတို့လည်းနေနိုင်မှာပဲ။ အဲလို စဉ်းစားပြီး ပြန်ချင်တဲ့လူရှိရင်လည်း ပြန်ရင် ကျမတို့တွေကတော့ တတ်နိုင်သလလောက် အားပေးကူညီ ပေးရမှာပဲ။

ခရိုင်တွေနဲ့ ကျမတို့ ပူးပေါင်းပြီး ပြောပေးတယ်။ တချို့သူတို့နေရပ်မှာ ပြန်အခြေချပြီး ဘယ်လို ရှင်သန်ရပ်တည် နေရမလဲ နည်းလမ်းတွေ ရှာပေးမယ်။ လုံးဝအဆင်မပြေတဲ့ လူတွေကို ဒေသအတွင်း အရပ်ဖက်အဖွဲ့အစည်း တွေနဲ့ တိုင်ပင်ပြီး လိုအပ်ရင် ဘယ်လိုထောက်ပံ့ ကူညီသွားမလဲ တိုင်ပင်မှုတွေ လုပ်ဆောင်သွားရမှာပေါ့။ နောက် ဒုက္ခသည်စခန်းက ကျောင်းဆရာ၊ ဆရာမဖြစ်စေ၊ ကျန်းမာရေးလုပ်သားဖြစ်စေ ဆက်စာသင်ပေး၊ ဆက်ဆေးကု ပေးနိုင်ဖို့ကို သူတို့ အတွက် စဉ်းစားပေးရမယ်၊ တိုင်ပင်ဆွေးနွေး လုပ်ဆောင်ပေးဖို့လည်း အစီစဉ်တွေရှိတယ်။

မေး။ ဒီတစ်ခေါက် တောင်းဆိုချက်က ဆရာမတို့ ဘယ်လောက်အထိ မျှော်လင့်လဲ။

ကျမတို့ တောင်းဆိုတာကြာနေပြီး အခုအချိန်က အရင်လိုအခြေအနေ မကောင်းဘူး။ အရင်က နည်းနည်းပါးပါး ဆက်ကူညီရသေးတယ်၊ အဲလောက်အထိတော့ စိန်ခေါ်မှု မရှိဘူး။ အခုသမ္မတဒေါ်နယ်ထရမ့်တက်ပြီး နောက်မှာ US က ပေးတဲ့ အကူအညီတွေ အကုန်ရပ်လိုက်တော့ ခက်ခဲ သွားတယ်။ ဘာဖြစ်လို့ လဲဆိုရင် ဒုက္ခသည်တွေကို USAID ထောက်ပံ့မှုက ၆၀ ရာခိုင်နှုန်းအထိရှိတယ်။ နည်းတာမဟုတ်ဘူး။ ဒါကြောင့် အစားထိုးဖို့ တစ်ခြားနိုင်ငံက အကူအညီလာပေးဖို့က မလွယ်ကူဘူး။ တစ်ခြားနိုင်ငံတွေက ကမ္ဘာအရပ်ရပ်မှာ စစ်တွေဖြစ်တော့ လိုက်ကူညီ ပေးရတာ ရှိတယ်။ သူတို့နိုင်ငံကာကွယ်ဖို့ ငွေပိုသုံးလာရတော့ တစ်ခြားနိုင်ငံတွေကို ထောက်ပံ့ဖို့ ခက်လာတယ်။

ဒါကြောင့် အကူအညီတွေ နည်းလာတဲ့အခါ ထိုင်းအစိုးရက တစ်ခုခုတော့ လုပ်ပေးရမှာပေါ့။ မလုပ်ပေးရင်လည်း ဒုက္ခသည်တွေက အပြင်ထွက်အလုပ်လုပ်ကြမှာပဲ၊ အဲဒီအခါ လုံခြုံရေးအပိုင်းကို ထိန်းချုပ်ရ ခက်နိုင်တယ်။ အပြင်ထွက်ပြီး ဘာအလုပ်တွေသွားလုပ်လဲ ဆိုတာ သိဖို့ မလွယ်ဘူး။ အခုရိက္ခာနဲ့ ကျန်းမာရေးအကူအညီ မရှိတော့၊ ထိုင်းအစိုးရက လမ်းကြောင်းတစ်ခုခု ဖွင့်ပေးမှရမယ်ဆိုတဲ့ မျှော်လင့်ချက်က အရင်ထက် ပိုများတယ်။ သွားတွေ့ဆုံတဲ့ တာဝန်ရှိသူတွေက တခုခုဆိုရင် အချင်းချင်းထောက်ခံပေးတာတွေ့ရတော့ အများကြီးမျှော်လင့် ချက်ရှိတာပေါ့။ ဒါပေမယ့် ဘယ်လိုပုံစံမျိုး ခွင့်ပြုပေးမလဲ၊ အရင်လိုအပြင် ထွက်နေ့စားအတွက် လောက်ပဲပေးမလား တစ်လစာအလုပ်ထွက်လုပ်ဖို့ အတွက်ပဲလားတော့မသိဘူး။

မေး။ ။ ရိက္ခာမရရှိတော့ရင် ဒုက္ခသည်တွေက ဘယ်လိုတွေ ကြုံတွေ့လာရမလဲဆိုတာ သုံးသပ်ပြောပါဦး။

ရိက္ခာမရတော့ရင် လူတွေက ဒုက္ခသည်စခန်းထဲမှာပဲ ဒီလိုထိုင်နေလို့ မရတော့ဘူး။ စခန်းအပြင် ထွက်ပြီး အလုပ် ရှာဖွေတာတွေ များလာမယ်။ နောက်တစ်ခုက လူငယ်လူရွယ်တွေ အခက်အခဲဖြေရှင်းတဲ့အခါမှာ တစ်ယောက်နဲ့ တယောက်မတူဘူး။ တချို့က စိတ်ညစ်ရင် ဘာသာရေးနဲ့ မှီခိုပြီးဖြေရှင်းတယ်။ တချို့ကတော့ မူးယစ်ဆေးဝါးတွေ သုံးစွဲပြီး ဖြေရှင်းကြတယ်။ မတူကြဘူးဆိုတော့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေ များလာမှာကိုလည်း စိုးရိမ်တယ်။ ပြီးရင်အဆင်မပြေမှုများလာရင် အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုများလာမှာကိုလည်း စိုးရိမ်တယ်။ ခိုးမှုလု ယက်မှုတွေ များလာမှာ စိုးရိမ်တယ် ။ လူငယ်တွေ ပျက်စီးမှု များလာမှာကိုလည်း စိုးရိမ်တယ်။

မေး။ ။ တချို့သတင်းတွေမှာ ထိုင်းအစိုးရက ဒုက္ခသည်အတွက် အခြားသော အေဂျင်စီတွေ ဝိုင်းကူဖို့ ပြောတာ ရှိတယ်။ အဲဒါ ဘယ်လောက် သေချာမှုရှိလဲ။ ဒုက္ခသည်တွေ အခုရင်ဆိုင် နေရတဲ့အခက် အခဲတွေကို ထိုင်းအစိုး ရအပြင် အခြားအဖွဲ့အစည်း၊ အခြားနိုင်ငံက သံရုံးတွေနဲ့ တွေ့ဆုံဆွေးနွေးတာမျိုး ဘယ်လိုရှိလဲ။

ထိုင်းမှာလည်း NGO အဖွဲ့တွေရှိတယ်။ သူတို့ စခန်းထဲသွားပြီး နိုင်သလောက် သွားကူပေးဖို့ ရှိတယ်။ ကြားရ သ လောက်တော့ တချို့အဖွဲ့တွေက အစိုးရဆီမှာ ပိုက်ဆံတောင်းပြီး ကူညီဖို့တောင်းဆိုတာ ရှိတယ်။ ဒါပေမယ့် တစ်ခု စိုးရိမ်တာကတော့ တကယ်လို့ ထိုင်းအစိုးရဆီမှာပိုက်ဆံတောင်းပြီး ဒုက္ခသည်တွေကို သွားကူညီရင် ထိုင်းပြည် သူတွေက မလိုလားတာတွေ စိုးရိမ်တယ်။

တချို့က ဒုက္ခသည်တွေကို ကြည့်မရတာတွေ၊ သူတို့နိုင်ငံထဲမှာရှိတော့ သူတို့နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ် စေတာတို့ အလုပ်ထွက်လုပ်ခွင့်ပေးရင် သူတို့အလုပ်တွေကို လုယူသွားမှာတို့ အဲလို စိုးရိမ်နေကြတာရှိတယ်။ အခုထိုင်းအစိုးရက ဒုက္ခသည်တွေကို ထောက်ပံ့မှုဘာမှမရှိဘူး၊ ဒုက္ခသည်တွေကို အနီးကပ်လုပ်ဆောင်တာက မြို့နယ်တာဝန်ရှိသူ ပလာတွေက အနီးကပ် ပူးပေါင်းလုပ်ဆောင်တယ်။

ထောက်ပံ့မှု အကူအညီတွေက နိုင်ငံတကာအကူအညီ ဆီကပဲလာတယ်။ တကယ်လို့ ထိုင်းအစိုးရက ထောက်ပံ့ပေးရင် လက်မခံနိုင်တဲ့ သူတို့ ပြည်သူတွေနဲ့ ပဋိပက္ခ‌ဖြစ်လာမှာစိုးရိမ်တယ်။ အဲလိုဆို ဒုက္ခသည်တွေ အပြင်ထွက် အလုပ်လုပ်ရင် နှိမ်တာတွေ ပိုများလာမယ်။ ကျမတို့က ထောက်ပံ့မှုထက် အလုပ်အကိုင် အခွင့်အလမ်းပေးတာ၊ ပေါ်လစီတစ်ခုရေးဆွဲပေးတာတို့ လိုချင်တယ်။ တချို့က ပြောတာရှိတယ်။ ထိုင်း လုပ်ငန်းရှင်တစ်ချို့က လုပ်သားလိုအပ်ချက်တွေရှိတယ်။ အဲဒီမှာအလုပ်သွားလုပ်ရတာတို့ပေါ့။

ဒုက္ခသည်တွေကို အခွင့်အရေးပေးရင် စက်ရုံမှာ ဖြစ်ဖြစ်၊ စိုက်ပျိုးရေးနေရာမှာဖြစ်ဖြစ်၊ ဆောက်လုပ်ရေးနေရာမှာ ဖြစ်ဖြစ်။ ဒုက္ခသည်မှာက တချို့က သူတို့အတတ် ပညာရှိတယ်။ ဘာလို့ လဲဆိုတော့ စခန်းတွေမှာ သက်မွေး ပညာရပ်တွေ သင်ပေးတာရှိတော့။ တချို့ လုပ်တတ်တယ်။ နောက်ပြီး ထိုင်းအစိုးရက သူတို့ NGO တွေကို ဝင်ကူ ညီခိုင်းတာ ကောင်းပါတယ်။ ကူညီဖို့ သူတို့အစိုးရဆီကပဲ ငွေရမယ်၊ နိုင်ငံတကာကို အကူအညီတောင်းဖို့က မဖြစ်နိုင်ဘူး။ အခုကူညီပေးနေတဲ့ NGO အဖွဲ့တွေတောင် အထောက်အပံ့ မရှာနိုင်တဲ့အချိန်မှာ သူတို့လည်း မလွယ်ပါဘူး။

ဒုက္ခသည်တွေ သူတို့ကိုယ်သူတို့ ရပ်တည်သင့်ပြီးလို့ တချို့မြင်သလို ဒုက္ခသည်တွေလည်း သူတို့ ခြေထောက် ပေါ်သူတို့ ရပ်ချင်နေပါတယ်။ အခုတစ်လကို ထောက်ပံ့မှု တစ်ယောက် ၁၀၀ ဘတ် ရရင်၊ တကယ်လို့ သူတို့ အပြင် အလုပ်ထွက်လုပ်ခွင့်ရရင် အဲဒီ ၁၀၀ ဘတ်က သူတို့ တစ်ရက်စာ ရှာရင်ရပြီး။ ဝင်ငွေရှိရင် ကျန်းမာရေးအတွက် ကာမိတယ်။ သူများထောက်ပံ့မှု ယူဖို့မလိုတော့ ဂုဏ်သိက္ခာရှိရှိ ရှင်သန်ရပ်တည် နိုင်မယ်။ ဒါကြောင့် အရေးကြီး ဆုံးက ဒေသအတွင်း အဖွဲ့အစည်းတွေက တောင်းဆိုချက် အသံတူညီရမယ်။ ထိုင်းအစိုးရ UNHCR နဲ့ နိုင်ငံတ ကာကို တောင်းဆိုချက် တူညီရမယ်။ တူရင်ရလဒ် မြန်မြန်ရမယ်။ အားလုံးပူးပေါင်း လုပ်ဆောင်ရမယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဘာဖြည့်စွက်ပြောချင်လဲ။

ဘယ်သူမှ မွေးလာကတည်းက ဒုက္ခသည် မဖြစ်ချင်ဘူး။ မိဘတွေက ဒုက္ခသည် စခန်းထဲကို ခိုလှုံနေတော့ စခန်း မှာ ကြီးပြင်းလာတာ။ ကြီးပြင်းချိန်မှာ အကောင်းဆုံးကြိုးစားမယ် လွတ်မြောက်အောင် ကြိုးစား ရမယ်။ တချို့ ပြောတာရှိတယ်။ ဒုက္ခသည်စခန်းကလူတွေက လူပျင်းတွေ အလုပ်မလုပ်ဘူး၊ ဘယ်သူမှ နင်တို့ကို ရေရှည် မထောက်ပံ့ နိုင်ဘူး။ အခုအကူအညီမရတော့ ကောင်းတယ်။ အပြင်ထွက်ပြီး အလုပ်လုပ်ရတော့မယ် ဆိုပြီး ပြော တာတွေ ရှိတယ်။ ဒါပေမယ့် ပြောတဲ့လူတွေက သူတို့မသိတာ တစ်ခုကဒုက္ခသည်တွေက အပြင်ထွက် အလုပ်ထွက်လုပ် ချင်တာတောင် အခွင့်အရေးမရှိဘူး။

ဒါကြောင့် ဒုက္ခသည်မှာရောက်တဲ့သူတို့တွေ သူတို့အမှားမဟုတ်ဘူး၊ အာဏာရှင်စစ်တပ်ကြောင့်ဒုက္ခသည် စခန်း ထဲကိုရောက်လာနေရတယ်ဆိုတာ နားလည်ပေးရမယ်။ သူတို့တွေ အလုပ်ထွက်လုပ်ခွင့်ရဖို့ ပြောဆိုပေးရမယ်။ တချို့က သူတို့နေရပ်ပြန်ဖို့ ကြောက်နေရသေးတယ်။ ကျမတို့ ဖြစ်စေချင်တာက ပြည်တွင်းမှာရှိတဲ့ ခေါင်းဆောင် တွေကလည်း သူတို့ဆီကိုသွားတွေ့ဆုံပြီး အားပေးစကားပြောတာတို့ ဒေသအခြေအနေ ပြောပေးတာတို့ လုပ်ဆောင်ပေးချင်တယ်။

သူတို့ကို ဖိအားသွားပေးခိုင်းတာမျိုးတော့မဖြစ်စေချင်ဘူး၊ သဘောပေါက် နားလည် အောင် ရှင်းပြတာမျိုးပေါ့။ ပြီးတော့ နိုင်ငံခြားထွက်ပြီး အောင်မြင်နေတဲ့ ဒုက္ခသည်တွေ အများကြီးရှိတယ်။ ဒါကြောင့် ဒုက္ခသည်တွေကို သနားခိုင်းတာမျိုးမဟုတ်ဘဲ အခွင့်အရေးရဖို့ သူတို့ခြေထောက်ပေါ် သူတို့ရပ်တည် နိုင်ဖို့ကို လုပ်ဆောင်ပေးတာမျိုး ဖြစ်စေချင်တယ်။