Home သတင်း အတင်းအကြပ် စစ်သားစုဆောင်းခံရသူ တပ်သား ၄ ဦး လက်နက်နှင့်တကွ KNLA ထံ ခိုလှုံ

အတင်းအကြပ် စစ်သားစုဆောင်းခံရသူ တပ်သား ၄ ဦး လက်နက်နှင့်တကွ KNLA ထံ ခိုလှုံ

383

ဇူလိုင် ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်ရင်း(၉)ထံသို့ အတင်းအကြပ် စစ်သားစုဆောင်းခံရသူ စစ်ကောင်စီ တပ်သား(၄)ဦး လက်နက်နှင့်တကွ လာရောက် ခိုလှုံလာသည်ဟု အဆိုပါ ခရိုင်က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဦးသည် တပ်မဟာ (၃) နယ်မြေအတွင်း အ‌ခြေချလှုပ်ရှားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ−၂၀ နှင့် ၅၈၁ တပ်ရင်း တို့မှဖြစ်ကာ စစ်မှုထမ်း အပတ်စဥ် (၈) တပ်သားဖြစ်သူ ညီညီလွင် နှင့် နှင်းမောင်၊ အပတ်စဥ် (၅) မှ တပ်သား စိုးဌေးအောင်နှင့် မြင့်မြတ်အောင်အောင်မျိုးဇော်တို့ ဖြစ်ပြီး လက်နက်အတူ ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့တွင် KNLA တပ်ရင်း(၉)ထံ ခိုလှုံလာခြင်း ဖြစ်သည်။

၎င်းတို့နှင့်အတူ MA-11(၂) လက်, MA-2(၁)လက်, MA-1(၁) လက် ကျည် ဘောက်(၈)ခု, ကျည်တောင့် (၁၀၀) ကျော် ပါရှိကြောင်းလည်း ကေအဲန်ယူ ခလယ်လွီထူခရိုင်က ထုတ်ပြန်ထားသည်။

ခိုလှုံလာသည့် တပ်ဖွဲ့ဝင် လေးဦးအား လယ်ဒိုမြို့နယ် ကေအဲန်ယူ၊ တာဝန်ရှိသူများနှင့် KNLA တပ်ရင်း(၉) တာဝန်ရှိသူများက တပ်ဖွဲ့ဝင် (၁) ဦးလျှင် မြန်မာကျပ်ငွေ (၁၀) သိန်းစီ ကနဦးပေးအပ် ထားသည်။

ယခုလို အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီးနောက် လက်နက်အပ်နှံအလင်းဝင်သူ များပြားနေသလို တော်လှန် ရေး တပ်ဖွဲ့များကလည်း စစ်မှုထမ်းဥပဒေစတင်စဥ်ကတည်းက အတင်းအကြပ် စစ်မှုထမ်းခိုင်းစေ ခံရသူများ စစ်တပ်မှစွန့်ခွာ၍ ကေအဲန်ယူထံခိုလှုံရန် ဖိတ်ခေါ်ထားသည်။

စစ်ကောင်စီက မတရားအတင်းအဓမ္မ စေခိုင်းမှုကြောင့် လက်နက်ကိုင် စစ်မှုထမ်းနေရသူများကို ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချအလင်းဝင်ရန် အမြဲမပြတ် ကြိုဆို ကြောင်း ကေအဲန်ယူက ထုတ်ပြန် ပြောဆိုထားသည်။