Home သတင်း ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်မှာသာ အာဇာနည်များကို ဂုဏ်ပြုရာရောက်ဟု NUG ပြော

ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်မှာသာ အာဇာနည်များကို ဂုဏ်ပြုရာရောက်ဟု NUG ပြော

458
Photo: PDF

ဇူလိုင် ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး စုပေါင်းတည်ထောင်နိုင်မှသာ အာဇာနည် ခေါင်းဆောင်ကြီးများကို မှန်ကန်စွာ ဂုဏ်ပြုရာရောက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုး-NUG က ၇၈ နှစ်မြောက် အာဇာနည်နေ့ ဂါဝရပြု သဝဏ်လွှာ၌ ပြောဆိုထားသည်။

ယနေ့ကျရောက်သည့် ၇၈ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို ပြည်သူ့လွတ်တော် ကိုယ်စားပြုကော်မတီ (CRPH)နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) တို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းတွင် အွန်လိုင်းမှတစ်ဆင့် ပြုလုပ် ခဲ့သည်။

ထို့အပြင် အာဏာနည်နေ့သည့် ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၊ အတွင်းဝင်ရုံး၌ တိုင်းပြည်၏ ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် နေ့ကို အစွဲပြုပြီး အာဇာနည်နေ့ အဖြစ် အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သော် လည်း ထိုအောင်းမေ့ဖွယ် နေ့သည် နိုင်ငံရေး ဖြတ်သန်းမှု တလျှောက်လုံးတွင် ကိုယ်ကျိုးစွန့် အနှစ်နာခံမှု အားလုံးကို ကိုယ်စားပြုသည့် ပုံရိပ်အဖြစ်ရောက်ရှိလာပြီး ဖြစ်သည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက အဆိုပါ အမ်းအနား၌ ပြောသည်။

“အာဇာနည်နေ့ဟာ ကျနော်တို့ နိုင်ငံ၊ ကျနော်တို့ လူ့အဖွဲ့အစည်းအတွက်ဆိုရင် လူပုဂ္ဂိုလ် ၉ ဦးဆိုတာထက် ပိုလွန်တဲ့ အနက်အဓိပ္ပါယ်ကို ဆောင်တယ်လို့ ယူဆပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

Photo: PDF

အာဇာနည်ခေါင်းဆောင်ကြီးများသည် တိုင်းရင်းသား အားလုံးပါဝင်သည့် တောင်တန်းနှင့် မြေပြန့်ခွဲခြားမှု မရှိ သည့် လွတ်လပ်ရေးရရှိရေး၊ အမျိုးသားတန်းတူရေး၊ လုံခြုံနွေးထွေးသော လွတ်လပ်မှု၊ တရားမျှတမှုနှင့် ဖက်ဒရယ် ဒီမိုကရေစီစံနှုန်းများ အပြည့်အဝရရှိတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်တစ်ရပ်ကို တည်ထောင်နိုင်ရေးကို အဓိက မျှော်မှန်း ခဲ့ခြင်းဖြစ်သည်ဟု NUG သဝဏ်လွှာ၌ ပြောဆိုထားသည်။

သို့‌သော် အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံအပေါ် ထားရှိသည့် မျှော်မှန်းချက်သည် ယနေ့တိုင် အကောင်အထည် ပေါ်နိုင်ခြင်း မရှိခဲ့သလို နှစ်ပေါင်း (၇၀) ကျော်ကာလမှ ယခုထိ စစ်အာဏာရှင်စနစ်၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုအောက်တွင် ဆက်လက် နစ်မွန်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် အာဇာနည်များ၏ စွန့်လွှတ်အနစ်နာခံမှုများကို အစဉ်အမြဲ အောက်မေ့သတိရလျက်ရှိသလို ရည်မှန်းချက်ပန်းတိုင်များ ပြည့်မြောက်အောင် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း NUG ၏ သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုသည်။

ထို့အတူ အမျိုးသားခေါင်းဆောင်ကြီးများနှင့် တကွ ခေတ် အဆက်ဆက် မတရားမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြသော အများအကျိုးအတွက် စွန့်လွှတ် အနစ်နာခံခဲ့ကြသည့် အာဇာနည် တိုင်းရင်းသား ပြည်သူလူထု အပေါင်းတို့ကိုလည်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အနေဖြင့် (၇၈) နှစ်မြောက် အာဇာနည်နေ့၌ အလေးအမြတ် ဦးညွှတ်ဂါရဝပြုလိုသည်ဟု ဆန္ဒပြုထားသည်။