Home သတင်း မဒေါက်မြို့အနီး စစ်တောင်းမြစ် တာနေရာကျိုးကျ၊ မြေနိမ့်ပိုင်းများရေဝင်၍ ပြောင်းရွှေ့နေရ

မဒေါက်မြို့အနီး စစ်တောင်းမြစ် တာနေရာကျိုးကျ၊ မြေနိမ့်ပိုင်းများရေဝင်၍ ပြောင်းရွှေ့နေရ

581
Photo: Social Media

ဇူလိုင် ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် မဒေါက်မြို့အထွက်ရှိ စစ်တောင်းမြစ်ကိုကာထားသော တာ နေရာမှာ ယနေ့ဇူလိုင်လ ၂၃ ရက်နေ့နံနက်ပိုင်းက ကျိုးကျသွားပြီး မဒေါက်မြို့မြေနိမ့်ပိုင်းနေ ထိုင် သူများ ပြောင်းရွှေ့မှုရှိကြောင်း မြို့ခံနှင့်လူမှုကယ်ဆယ်ရေးအဖွဲ့များမှ သိရသည်။

တာနေရာကျိုးကျသည့်အပြင် မိုးဆက်လက်ရွာသွန်း၍ မြစ်ရေမြင့်တက်နေဆဲဖြစ်သဖြင့် မြစ်အနီး ညောင်လေးပင်-မဒေါက်ကားလမ်းရေကျော်လာပြီး မြို့တွင်းအနိမ့်ပိုင်းရပ်ကွက်နေသူအချို့လည်း ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့မှုရှိကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“မဒေါက်အထွက်က စစ်တောင်းတာကျိုးတာ၊ တာကျိုးတော့ မြို့တွင်းဘက်သက်သာပေမယ့် ကားလမ်းပေါ်တော့ရေကျော်သွားတယ်။ နိမ့်တဲ့ရပ်ကွက်တွေကတော့ ပြောင်းသင့်တဲ့သူပြောင်းတယ်။ အများကြီးပြောင်းကြတာတော့ မဟုတ်သေးဘူး။ ရေကတော့ ဆက်တက်နေတုန်းပဲ။” မဒေါက်မြို့ခံ အမျိုးသမီးက ပြောသည်။

မိုးလေဝဿနှင့်ဇလဗေဒမှ ယနေ့ကြေညာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေအမှတ် ၁၀၇၀ စင်တီမီတာနှင့်အထက် ၂ ပေ (၆၃ စင်တီမီတာ) သို့ကျော်လွန်ရောက်ရှိနေခြင်းလည်း ဖြစ်သည်။

Photo: Social Media

“စိုးရိမ်အမှတ်ကတော့ကျော်သွားပြီ။ တာလည်းကျိုးသွားတယ်ဆိုတော့ စိုးရိမ်စရာရှိနိုင်တာပေါ့။ ကျနော်တို့ဘက်ကတော့ ကယ်ဆယ်ရေးအသုံးပြုမယ့်ပစ္စည်းတွေ ပြင်ဆင်ရတာပေါ့။ တာကျိုးတော့ မဒေါက်အနိမ့်ပိုင်းတွေရေဝင်ပြီ။ ရွှေ့ထားပြောင်းထားတာလည်း ရှိပြီ” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုအခြေအနေများကြောင့် မဒေါက်မြို့အပါအဝင် အင်းချောင်း၊ ဆိုင်ကွ၊ ပြွန်တန်ဆာ၊ ချောင်းအင်းနှင့်ညောင်လေးပင်ဘက်များတွင်လည်း သတိထားနေထိုင်ရမည်ဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဘက်က အသိပေးသည်။

ထို့အတူ မိုးလေဝဿဘက်ကလည်း မဒေါက်မြို့ရှိစစ်တောင်းမြစ်ရေမှာ နောက်ထပ် ၂၄ နာရီအတွင်း ထပ်မံမြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေနိုင်သောကြောင့် မြေနိမ့်ပိုင်းနေထိုင်သူများ ရေဘေးလွတ်ရာရှောင်ရှားနိုင်ရန် သတိပေးကြေညာထားသည်။

မြန်မာနိုင်ငံအဝှမ်း ပြည်နယ်နှင့်တိုင်းဒေသကြီးအများစုတွင် ယခုနှစ်ဇူလိုင်လအတွင်း မိုးရွာသွန်းမှုများပြားနေပြီး ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသ နေရာအချို့တို့တွင် မြစ်ရေလျှံ၍ ရေဖုံးလွှမ်းမှုဖြစ်ပွားနေကြောင်း သိရသည်။