Home သတင်း မြိတ်-ထားဝယ်ခရိုင်ရှိ သုခနယ်စပ်စခန်းကို KNU သိမ်းပိုက်၊ ထီးခီးနယ်စပ်တစ်လျှောက်နီးပါး KNU ထိန်းချုပ်နိုင်ပြီ

မြိတ်-ထားဝယ်ခရိုင်ရှိ သုခနယ်စပ်စခန်းကို KNU သိမ်းပိုက်၊ ထီးခီးနယ်စပ်တစ်လျှောက်နီးပါး KNU ထိန်းချုပ်နိုင်ပြီ

529
Photo- KNU

ဇူလိုင် ၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ် ခရိုင်၊ တပ်မဟာ(၄)နယ်မြေ၊ ထိုင်း-မြန်မာ နယ်စပ်ရှိ စစ်ကောင်စီ သုခနယ်စပ်စခန်းကို ယမန်နေ့ ဇူလိုင် ၇ ရက်နေ့တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖိုးလေးက အတည်ပြု ပြောသည်။

အဆိုပါ သုခစစ်ကောင်စီတပ်စခန်းသည် ထီးခီးနယ်စပ်၏ မြောက်ဘက်တွင် တည်ရှိပြီး တပ်စခန်းတွင် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၂၈၂) တပ်ဖွဲ့ဝင် အင်အား (၃၀) ခန့် အခြေချတပ်စွဲ ထားခြင်း ဖြစ်သည်။

“သုခစခန်းကို တိုက်ခိုက်သိမ်းယူတာ မနေ့က မွန်းတည့်အချိန်လောက်မှာ ရသွားတယ်။ အဲဒါအတည်ပြုလို့ ရပါတယ်။ နှစ်နိုင်ငံ နားလည်မှုယူပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ထိုင်းဘက်ကို ထွက်ပြေးသွားတယ်။ ကျန်တာတော့ ကျနော်တို့ ဆက်လုပ်နေတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

Photo- KNU

၂၀၂၅ ခုနှစ်အတွင်း ထီးခီးနယ်စပ်တွင် စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ထီးခီးစခန်း၊ ထီးထာဗျူဟာ ကုန်းစခန်း၊ အီးသာခေ(ဗောဓိ)စခန်းနှင့် ငါးရံ့နီစခန်း တို့ကိုလည်း KNLA နှင့်တော်လှန်ရေးပူးပေါင်းတပ် ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် လက်ရှိ အဆိုပါ ထီးခီးနယ်စပ်တစ်လျှောက်နီးပါးကို KNU က ထိန်းချုပ်ထားနိုင်ပြီး ဖြစ်သည်။

စစ်ကောင်စီဘက်မှလည်း ထီးခီးနယ်စပ်ကို ပြန်လည် ရယူနိုင်ရန်အတွက် မေတ္တာမြို့ကို စစ်ကြောင်း တစ်ကြောင်း ရောက်ရှိလာသလို မောတောင်နယ်စပ်ဘက်သို့ သွားရန် သီခိုကျေးရွာထဲသို့ စစ်ကြောင်း တစ်ကြောင်း ရောက်ရှိနေသည်ဟု နယ်မြေခံ KNLA စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။