ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့ အဓိက လမ်းမကြီးများပေါ် အများပြည်သူများ လုံးဝ သွားလာခြင်းမပြုရန် တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစုက ဇွန် ၃၀ ရက်နေ့တွင် အရေးပေါ် သတင်းထုတ်ပြန် လိုက်သည်။
မိုးဗြဲမြို့အတွင်း နေရာအများစုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ဝင်ရောက် လာသည့်အတွက် ယခုလို မဟာမိတ် တပ်ပေါင်စုများ ဖြစ်သည့် KNDF၊ PDF၊ Local PDF၊ URF၊ KPLA တို့က ပူးတွဲ ထုတ်ပြန် သတိပေးထားသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာစသိမ်းပြီးနောက် ကရင်နီ(ကယား)ပြည်နယ် နှင့် ကယန်းဒေသ အတွင်း စစ်ကောင်စီ ၏ အကြောင်းမဲ့သတ်ဖြတ်မှုများကြောင့် ဒေသခံပြည်သူ (၅၀၈)ဦးသေဆုံးခဲ့ကြောင်း Progressive Karenni People Force-PKPFမှ ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ထို့အပြင် ဇွန်လ(၃၀)ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ဝင်များ နှင့် ထိတွေ့တိုက်ပွဲပေါင်း (၁၃၆၇) ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းဖြင့် (၁၉၅၅) ကြိမ် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု PKPF လချုပ် အစီရင်ခံစာ၌ ဖော်ပြထားသည်။
နှစ်ဖက်တိုက်ပွဲအတွင်း ကရင်နီအခြေစိုက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များဖြစ်သည့် ကရင်နီ အမျိုးသား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-KNDF၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF နှင့် Karenni Army-KAမှ တပ်ဖွဲ့ ဝင်စုစုပေါင်း (၈၀၁) ဦးတို့ တိုက်ပွဲအတွင်းကျဆုံးခဲ့ရသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၃၈၇၆)ဦး သေဆုံးခဲ့ပြီး၊ တိုက်လေယာဉ်(၃)စီး၊ ကား(၆၈)စီး ပျက်စီးခဲ့သည်။
နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းမှ ဗုံးကြဲခံရ၍ ထောင်နှင့် ချီပြည်သူများ စစ်ဘေးရှောင်နေရသလို ၎င်းတို့ ထဲမှ ၁၇၇ ဦး သေဆုံးခဲ့ပြီးသည်။ စစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ကြောင့် ဘာသာရေးအဆောက်အအုံ(၅၇)လုံး၊ ဆေးရုံ၊ဆေးပေးခန်း(၁၇)လုံးနှင့် စာသင်ကျောင်း(၂၉)လုံးမှာ ထိခိုက်ပျက်စီး ခဲ့ကြောင်း PKPF ၏ထုတ်ပြန်ထားချက်များအရ သိရသည်။



















