Home သတင်း မယ်လဒုက္ခသည်စခန်း အပြင်ဘက်ရှိ လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွား

မယ်လဒုက္ခသည်စခန်း အပြင်ဘက်ရှိ လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွား

972

ဇူလိုင် ၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ် မယ်လဒုက္ခသည် စခန်းအပြင်ဘက်ရှိ လမ်းမကြီးပေါ် တွင် ယနေ့ ဇူလိုင် ၂၂ ရက်နေ့ ညနေပိုင်းတွင် မိုးရွာနေအချိန် လမ်းချော်မှုဖြစ်ပြီး ကားနှစ်စီးမျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွား သည်ဟု သိရသည်။

အဆိုပါလမ်းမပေါ်တွင် ဖြတ်သွားသည့် ခရီးသွားအိမ်စီးကားနှစ်စီးမှယနေ့ ညနေ ၅ နာရီအချိန် ခန့်တွင် မျက်နှာ ချင်းဆိုင်တိုက်မှုဖြစ်ကာ ဒုက္ခသည်စခန်း၏ ဝါးခြံစည်ရိုးကပ်ရပ်ရှိ လူနေအိမ်အနီးအထိ ကားလမ်းချော်မှု ဖြစ် ပွားပြီး ကားပေါ်တွင် ပါသည့် ခရီးသည်တချို့ ထိခိုက်ဒဏ်ရာ ရရှိမှုရှိ သွားသည်ဟု စခန်း အနီးနေထိုင်သူများက ပြောသည်။

ထို့အပြင် ယနေ့တွင် မိုးကြီးသည့်အတွက် အဆိုပါ မဲဆောက်နှင့် ထာ့ဆောင်ယန်း လမ်းမကြီးပေါ်ရှိ လမ်းမကြီး အချို့နေရာများတွင် သစ်ပင်လှဲကျမှုဖြစ်ကာ ကားလမ်းပိတ်မှုလည်း ဖြစ်ပွားခြင်းရှိသည်ဟု ကားမောင်းသူများ၏ ပြောပြချက်အရသိရသည်။

ဝီဖာမုန်တိုင်း၏ အရှိန်ကြောင့် ဇူလိုင် ၂၂ ရက်မှ စ၍ ၂၄ ရက်နေ့ထိ တာ့ခ်ခရိုင်၊ မယ်ဟောင်ဆောင်ခရိုင်၊ ချင်းရိုင်း၊ ချင်းမိုင်အပါအဝင် ခရိုင်အချို့တွင် မိုးသည်ထန်ခြင်း၊ မြေပြိုခြင်း၊ မြစ်ကမ်းပါးပြိုခြင်းနှင့် ရေကြီးရေလျှံမှု ဖြစ်ပွား နိုင်သည့်အတွက် ဘေးအန္တရာယ်သတိထားရန် ထိုင်းနိုင်ငံ၏ ဆက်သွယ်ရေး ဌာနမှ တစ်ဆင့် အများပြည်သူထံသို့ အသိပေး ကြေငြာထားသည်။