Home သတင်း ဂျွန်ဟော့ကင်း က KDHW ဌာနမှူးဟောင်း ပဒိုအယ်ကလူရွှေဦး နာမည်ဖြင့် ပါရဂူဘွဲ့ ပညာသင်ဆုထူထောင်

ဂျွန်ဟော့ကင်း က KDHW ဌာနမှူးဟောင်း ပဒိုအယ်ကလူရွှေဦး နာမည်ဖြင့် ပါရဂူဘွဲ့ ပညာသင်ဆုထူထောင်

531

ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကျမ်းမာရေးနှင့် ကယ်ဆယ်ရေးဌာန(KDHW) ဌာနမှူးဟောင်း ကွယ်လွန်သွားသူ ပဒိုအယ်ကလူရွှေဦးအမည်ဖြင့် အမေရိကန်ရှိ နာမည်ကျော်ဂျွန်ဟော့ကင်း တက္ကသိုလ်က ဘွဲ့လွန် ပါရဂူ ပညာသင်ဆု ထူထောင်လိုက်သည်ဟု အဆိုပါတက္ကသိုလ်က ထုတ်ပြန်လိုက်သည်။

ပဒိုအယ်ကလူရွှေဦးသည် ပဋိပက္ခဖြစ်ပွားသည့် ဒေသအတွင်းနေထိုင်သူများအတွက် မိုဘိုင်းကျန်းမာရေး ဝန်ဆောင်မှုကို စတင်နိုင်ခဲ့သလို အစိုးရလက်လှမ်းမမှီသည့် ဝေးလံသည့်ဒေသရှိ ပြည်သူများအတွက် ဆေးပေးခန်း နှင့် ပြည်သူ့ ကျန်းမာရေး ဝန်ဆောင်လုပ်ငန်းများကို တည်ထောင်နိုင်ခဲ့သူ ဖြစ်သည်ဟု ဂျွန်ဟော့ကင်း တက္ကသိုလ် က ဂုဏ်ပြုထားသည်။

ထို့ အပြင် ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW) တွင်လည်း ဌာနမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့၍ ဂုဏ်ပြုသည့် အနေဖြင့် ယခုလို ပဒိုအယ်ကလူရွှေဦး ပညာသင်ဆုကို တည်ထောင်ခြင်း ဖြစ်သည်ဟု တက္ကသိုလ်က ဇွန် ၂၈ ရက်နေ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယခုလို KDHW ဌာနမှူးဟောင်းကို ဂုဏ်ပြု ပညာသင်ဆု နာမည်ပေးသည့်အပေါ် ဌာနကို ကမ္ဘာကသိ သွားမည် ဖြစ်၍ ဂုဏ်ယူမိကြောင်း လက်ရှိဌာနမှူး ပဒိုဒိုင်းမွန်းခင်က ကေအိုင်စီသို့ ပြောသည်။

“ဆရာကြီးနာမည်နဲ့ နိုင်ငံတကာမှာ ပညာသင်ဆုတည်ထောင်တဲ့အကြောင်း ကြားလိုက်ရတဲ့အခါမှာ ကျနော်တို့ KDHW အနေနဲ့က အလွန်ဂုဏ်ယူစရာ ဖြစ်တယ်။ ကမ္ဘာကနေ ကျနော်တို့ KDHW ကို သိသွား တယ်။ ဆရာကြီး ရှိစဉ်က ချမှတ်ထားတဲ့ Frame(မူဘောင်) ပြီးတော့ ကျန်းမာရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း လမ်းကြောင်း အတိုင်း ကျနော်တို့ဆက်သွားမှာဖြစ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ပညာသင်တော်ဆုကို တိုးတက်ကောင်းမွန်ပြီး အားကောင်းစေသည့် ပြည်သူ့ကျန်းမာရေးစနစ် တစ်ခုပေါ် ပေါက်ရန်နှင့် နယ်ပယ်အသီးသီးရှိ ပြည်သူများအတွက် အကျိုးရှိစေဖို့ကို ထောက်ပံ့ ကူညီပေးသွားမည်ဟု ဂျွန်ဟော့ကင်း တက္ကသိုလ်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ပညာသင်ဆု ပေးရန် ဒေါ်လာ ၅ သန်း ရံပုံငွေရရှိထားပြီး ကျန်းမာရေးဆိုင်ရာ သုတေသန လုပ်ငန်းနှင့် ပတ်သက်၍ ဘွဲ့လွန် ပါရဂူတန်းတက်သည့် ကျောင်းသူ၊ ကျောင်းသားများကို ပညာသင်ဆု ရွေးချယ် ပေးအပ်မည် ဖြစ်သလို လူသားချင်းဆိုင်ရာ အရေးပေါ်အခြေအနေနှင့် ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်လျှော့ချရေး အစီစဉ် တို့တွင် ထောက်ပံ့ပေးသွားမည်ဟု သိရသည်။

ထို့အပြင် ပဒိုအယ်ကလူရွှေဦး သက်ရှိ ထင်ရှား ရှိစဉ်အခါက ဂျွန်ဟော့ကင်းတက္ကသိုလ် အဖွဲ့ဝင် အများအပြားနှင့် လက်တွဲ လုပ်ဆောင်ခဲ့ပြီး ငှက်ဖျားအင်စတီကျူနှင့်စဉ်ဆက်မပြတ် ပူးပေါင်းလုပ်ဆောင်ရွက်ခဲ့ခြင်း၊ ပဋိပက္ခဖြစ် ပွားသည့် ဒေသအတွင်း ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်းများ ထိရောက်စွာ လုပ်ကိုင်နိုင်ခဲ့သူဖြစ်ခြင်း၊ ပြည်သူ့ ကျန်းမာရေးအတွက် အမျှော်အမြင်ရှိသူတစ်ဦး ဖြစ်သည်ဟုလည်း တက္ကသိုလ် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပဒိုအယ်ကလူရွှေဦးသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုကော်မတီဝင် တစ်ဦး ဖြစ်သလို KDHW ဌာန၊ ဌာနတာဝန်ခံတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အသက် (၆၅) နှစ်အရွယ် ၂၀၂၀ ပြည့်နှစ်တွင် ကွယ်လွန် သွားခဲ့သည်။