Home သတင်း ပွဲပျက်သွားသည့် ဘုရားသုံးဆူက ငြိမ်းချမ်းရေးဆုတောင်းပွဲ မြိုင်ကြီးငူတွင် ပြုလုပ်မည်

ပွဲပျက်သွားသည့် ဘုရားသုံးဆူက ငြိမ်းချမ်းရေးဆုတောင်းပွဲ မြိုင်ကြီးငူတွင် ပြုလုပ်မည်

969
Photo: Social Media

ဇူလိုင် ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့က ဘုရားသုံးဆူမြို့တွင် ပြုလုပ်ရန်စီစဥ်ထားပြီး ပွဲပျက်သွားသည့် ငြိမ်းချမ်းရေးဆုတောင်းပွဲကို မြိုင်ကြီးငူအထူးဒေသ အေးလင်းသာယာကွင်း၊ အေးလင်းမြရှင်ဓမ္မာရုံ၌ လာမည့် ဇူလိုင်လ၂၇ ရက်နေ့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

ကရင်လက်နက်ကိုင်အဖွဲ့အချို့နှင့် ကရင်ပြည်နယ်ရှိ နာမည်ကြီးရဟန်းသံဃာတော်များ ဦးဆောင်ပြုလုပ်မည့် အဆိုပါဆုတောင်းပွဲကို သုံးဆူဒေသခံများက စစ်ကောင်စီ ညွှန်ကြားချက်နှင့် မလွတ်ကင်းသည့်အပြင် မလိုလားအပ်သည့်ပြဿနာများ မပေါ်ပေါက်ရေးအတွက်ဆိုကာ ဝိုင်းဝန်း ကန့်ကွက်သဖြင့် ပွဲပျက်သွားခြင်းဖြစ်သည်။

ယင်းအစား သံဃာတော်အပါး ၁၀၀၀ ပါဝင်မည့် ငြိမ်းချမ်းရေးဆုတောင်းပွဲအား ရက်ပိုင်းအတွင်း မြိုင်ကြီးငူတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီ တာဝန်ရှိ BGF/KNA မှ ဗိုလ်မှူးချုပ် စောတင်ဝင်းက ပြောသည်။

“ရည်ရွယ်ချက်ကတော့ ဘာသာရေးပိုင်းဆိုင်ရာအရ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ပေါ်လာဖို့ ဆုတောင်းတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို ရည်ညွှန်းပြီးတော့ လုပ်တာပါ။ ဒါက အရင် ဘုရားသုံးဆူမှာ မလုပ်ဖြစ်တဲ့ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို ဒီမှာ ပြန်လာလုပ်တယ်လို့ပဲ ကျနော်သိရတယ်။” ဟု ဗိုလ်မှူးချုပ် စောတင်ဝင်းက ပြောသည်။

Photo: Social Media

အဆိုပါပွဲကို တာဝန်ယူ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်ပြီးတန်းတူညီတူ တရားမျှတမှုနှင့် ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်ကို အခြေခံ၍ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဆုတောင်းပွဲလက်ကမ်းဖိတ်စာအရ သိရသည်။

ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းက ပြီးစီးသွားသော BGF/KNA တွေ့ဆုံစည်းဝေးပွဲ ဆုံးဖြတ်ချက်အရ ပွဲပြုလုပ်မည်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သတင်းထွက်ပေါ်နေသော်လည်း အစည်းအဝေးနှင့်မသက်ဆိုင်ဟု ဗိုလ်မှူးချုပ်စောတင်ဝင်းက ကေအိုင်စီ၏ မေးမြန်းချက်အပေါ် ဖြေကြားသွားသည်။

နယ်ခြားစောင့်တပ်-BGF မှ KNA အသွင်ပြောင်းရန် လူထုသဘောထား အတည်ပြု အစည်းအဝေးတွင်လည်း ဆုတောင်းပွဲကျင်းပရေး တာဝန်ရှိ အထင်ကရဆရာတော်များအပြင်၊ BGF တာဝန်ရှိသူများ၊ ကရင်နိုင်ငံရေးပါတီများနှင့် ကျေးရွာတာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြပြီး KNA ဖွဲ့စည်းဖို့သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ဆုတောင်းပွဲပြုလုပ်မည့် မြိုင်ကြီးငူဒေသတွင် BGF/KNA တပ်နယ်၊ တပ်ရင်းများ လွှမ်းမိုးလှုပ်ရှားမှုအပြင် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA လည်းလှုပ်ရှားမှုရှိသည်။