နယ်စပ်တကြောလုံးပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်ပြီဆိုရင် နောက်တဆင့် ခြေလှမ်းတလှမ်းလာတော့မယ်။” ပဒိုစောတောနီး
နယ်စပ် စစ်ကောင်စီ စခန်းများကို တိုက်ထုတ်ရခြင်းနှင့်ပတ်သက်၍ ကေအဲန်ယူ ပြောခွင့်ရသူနှင့် တွေ့ဆုံခြင်း
(ဇူလိုင် ၂၄ ရက်၊ ၂၀၂၅ ခုနှစ်။)
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်စနစ်ပြုတ်ကျရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခများ နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လျက်ရှိသည်။ ကေအဲန်ယူ-ကရင်အမျိုးသားထိန်းချုပ်နယ်မြေများတွင်လည်း တိုက်ပွဲဖြစ်ပွားမှုပေါင်း ထောင်နှင့်ချီပြီးရှိ နေကြောင်း ကေအဲန်ယူ-ဗဟို၏ အချက်အလက်များက ဖော်ပြသည်။
အာဏာသိမ်းထားသည့်ကာလ ယခု ၂၀၂၅ ခုနှစ်ဝက်ပိုင်းတွင်မူ နယ်စပ်ရှိ စစ်ကောင်စီစခန်းများကို ကေအဲန်ယူ လက်အောက်ခံပူးပေါင်းတပ်များက ပစ်မှတ်ထား တိုက်ခိုက်သိမ်းယူမှု ပိုမိုတိုးမြှင့် လုပ်ဆောင်လာနေသည်။
နယ်စပ်စခန်းများကို အဓိကထား တိုက်ခိုက်သိမ်းယူခြင်း ရည်ရွယ်ချက်၊ နယ်မြေထိန်းချုပ်နိုင်မှု အနေ အထား၊ ထိုင်းနိုင်ငံနှင့် ဆက်ဆံရေးအပြောင်းအလဲအပြင် နယ်စပ်တလျှောက်ထိန်းချုပ်နိုင်မှုမှ ရနေသည့် အကျိုးအမြတ်များနှင့်ပတ်သက်၍ ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူနယ်မြေမှာ တပ်စွဲထားတဲ့စခန်းတွေကို တိုက်ထုတ်ရှင်းလင်းနိုင်မှု အခြေအနေကိုပြောပြပေးပါ။
ဖြေ။ ။ ကျနော်တို့နယ်မြေက နည်းနည်းတော့ထူးခြားတယ် ၊ သူများတကာနဲ့မတူဘူး။ ဘာလို့လဲဆိုတော့ သိပ်ရှည်ရှည်ဝေးဝေးကိုမပြောဘူး၊ လွန်ခဲ့တဲ့နှစ် ၂၀၊ ၃၀ လောက် က နေရာတော်တော်များများဟာ အပစ်အခတ်ရပ်စဲရေးလုပ်ကြတဲ့အချိန်မှာ ကျနော်တို့ကို ဖိပြီးကျုံးတဲ့အချိန်မှာ ကျနော်တို့နယ်မြေထဲမှာ စခန်းပေါင်းရာနဲ့ချီပြီး စစ်ကြောင်းထိုးပြီး နေရာပေါင်းစုံတပ်ချထားတာတွေရှိတယ်။
ဆိုတော့ ကျနော်တို့က တခါတည်းနဲ့အကုန်လုံး လျှောက်ရှင်းလို့မရဘူး။ ဒါပေမဲ့ ဒီထဲမှာနယ်စပ်ဒေသကို ပိုပြီးတော့ရှင်းထုတ်တဲ့ဟာကိုတော့ ပြောလို့ရတယ်။ အခုဆိုရင် နယ်စပ်ရောအတွင်းရော အနည်းဆုံး ပြောရမယ်ဆိုရင် ၂၀၀ (စစ်စခန်း)လောက်ကတော့ ပြေးမလွတ်တော့ဘူးလို့ ထင်တယ်။
မေး ။ ။ စစ်တပ်အာဏာသိမ်းထားတဲ့အတောအတွင်းမှာ ကေအဲန်ယူနယ်မြေကျယ်ပြန့်လာမှုက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အကြမ်းဖျင်းကတော့ မာနယ်ပလောခေတ်နဲ့ပြန်နှိုင်းယှဥ်ကြည့်ရမယ် ထင်တယ်။ မာနယ် ပလောခေတ်မှာနေခဲ့တဲ့သူတွေက တော်တော်လေးကို ပြောကြတာများတာကိုး။ ၂၀၂၁ နောက်ပိုင်း ကျနော်တို့ ပြန်ရယူခဲ့တဲ့နယ်မြေတွေကို ကြည့်လိုက်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်ပေါင်း ၃၀ လောက်က တည်းက အများကြီးပြန်ပြီးတော့ ကျနော်တို့ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်လာနိုင်တဲ့အပိုင်းတွေ အများကြီးရှိတယ်။
အထူးသဖြင့် ပဲခူးတိုင်းထဲမှာ တပ်မဟာ(၂)တို့၊ တပ်မဟာ(၃)တို့နယ်မြေမှာဆိုရင် ကျနော်တို့ တပ်တွေ လုံးဝသွားလို့ မရတဲ့နေရာတွေပေါ့။ ရန်ကုန်-မန္တလေး အဲဒီကားလမ်းတစ်လျှောက် ဆိုလိုတာ စစ်တောင်းမြစ်ဝှမ်းပေါ့နော်။ သူကနေဆင်းချလာပြီးတော့ စစ်တောင်းမြစ်ဝအထိပါ ကျနော်တို့ ရောက်နေတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပေါင်မြို့နယ်တို့ဘာတို့မှာ ကျနော်တို့တပ်မဟာ(၁)ရှိတယ်လေ။ အဲဒါတွေက ၂၀၂၁ နောက်ပိုင်းမှာဖြစ်ပေါ်တိုးတက်မှုတွေပါ။
ဆိုလိုတာနယ်မြေက အကျယ်ကြီးဖြစ်သွားရော။ အဲဒီကမ်းနားတစ်လျှောက်မှာ အရင်တုန်းက ကျနော်တို့ တပ်တွေလှုပ်ရှားလို့မရဘူးဆိုပေမယ့် အဲဒီမှာဆင်းချလာပြီး သံဖြူဇရပ်တို့၊ ရေးတို့ဆိုတာ အခုကတော့ စကစ အပြင်မထွက်ရဲတော့တဲ့အနေအထား။ မှတ်မှတ်ရရ ၂၀၂၄ မေလမှာ ကျနော်တို့ တပ်တွေက ဟိုးပင်လယ်ထဲမှာရှိတဲ့ ရေတပ်စခန်းကိုသွားတိုက်ချတာ။ လူတော်တော်အသိနည်းတယ်။
ဆိုတော့ ဟိုးအောက်ဘက်ပြန်ဆင်းလာတဲ့အခါ တနင်္သာရီကမ်းရိုးတန်း ပြောရမယ်ဆိုရင် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးဆိုရင် ကျနော်တို့ထိန်းချုပ်နိုင်တဲ့အနေအထားက ၂၀၂၃ ဇွန်လကစပြီး အခုဆိုရင် နှစ်နှစ်ကျော်လာပြီပေါ့နော်။ စစ်ကောင်စီဘက်ကကြည့်ရင်တော့ သူတို့ကခိုး ကြောင်ခိုး ဝှက်သွားနေရတဲ့အနေအထားပေါ့။ ကျနော်တို့က စစ်ဆင်ရေးခဏခဏလုပ်နေတာ အဲဒီလမ်းမကြီးက သွားဖူးတဲ့သူတိုင်း အကုန်သိတယ်။ မြန်အောင်ကနေ ဟိုးထားဝယ်ပြန် လာတဲ့ လမ်းကြားလေးတွေဆို ကျနော်တို့ကို အကုန်ဖြတ်သွားရတယ်။ ကျနော်တို့တပ်တွေကအဲဒီမှာ စစ်ဆေးရေးလုပ်ထားတယ်။ ဆိုတော့ အဲဒါတွေက ၂၀၂၁ နောက်ပိုင်းမှာဖြစ်ပေါ်လာတာ။
နယ်စပ်ဘက်ကိုကြည့်လိုက်ပြန်ရင်လည်း ထိုင်းဘက်ကဆို မယ်ဟောင်ဆောင်ခရိုင်ပေါ့ တပ်မဟာ(၅)မှာဆိုရင်လည်း အကုန်ပြောင်။ တပ်မဟာ(၇)ဆိုရင်လည်း မယ်သဝေါကွက်ကွက် လေးပဲရှိတော့တယ်။ တပ်မဟာ(၆)ပြန်ဆင်းချလာရင်လည်း နောက်ဆုံးဗျူဟာဆိုလို့ ဝေါလေဗျူ ဟာပဲရှိတော့တယ်။ ဒါပြီးရင်မရှိတော့ဘူး။ ရှိတဲ့နေရာက မြဝတီနဲ့ဘုရားသုံးဆူ၊ ဘုရားသုံးဆူကတော့ စကားထဲထည့်မပြောဘူး။ မြဝတီကလည်းမနှစ်တုန်းက ကျနော်တို့လက်ထဲကျပြီးသားပါ။ အခြေအနေအရ ကြည့်ပြီးတော့ထိန်းနေရတဲ့အနေအထားရှိတယ်။
ဒါပေမဲ့ အဲဒါကလည်း ညှပ်ပူးညှပ်ပိတ် ကော့ကရိတ်တို့၊ ကျုံဒိုးတို့မှာလည်း ဖြစ်နေတာ။ ဆိုတော့ နေရာဒေသအသီးသီးမှာ ကျနော်တို့တပ်တွေက ရှိနေတယ်။ တချိန်တည်းမှာလည်း တပ်ကတော့ သူ့အလုပ်သူသွားမှာပဲ။ အဓိကရတဲ့နယ်မြေက တော်တော်လေးကျယ်ပြန့်လာပြီ။
အခုလောလောဆယ်ထွက်လာတဲ့ ISP က အစီရင်ခံစာအရ ထိုင်းနယ်စပ်တစ်ကြောမှာ ၆၀ ရာခိုင်နှုန်း ပေါ့။ ကျနော်တို့မြင်တာကတော့ ထိုင်းနယ်စပ်မှာ ၉၀ ရာခိုင်နှုန်းလောက်ကို ကျနော်တို့ လက်ထဲမှာ ရှိနေပြီဗျ။ ဘာဖြစ်လို့လဲဆိုတော့ တပ်မဟာ(၄)ထဲမှာကျန်တဲ့တပ်စခန်းဆို နတ်အိမ်တောင်ပဲကျန် တော့တယ်။ ကျန်တဲ့ဟာကတော့ အဲဒီအစီရင်ခံစာအတိုင်းဆိုရင် ဟိုးကော့သောင်းနား ရောက်တဲ့အထိ သူတို့ထည့်တွက်ပုံမပေါ်ဘူး။ ဒီလိုအနေအထားမှာ ကီလိုမီတာပေါင်း ထောင်နဲ့ချီပြီး ကျနော်တို့ လက်ထဲမှာရှိနေတဲ့အခါကျတော့ တော်တော်လေးဖြစ်ပေါ်တိုးတက်မှုတစ်ခုလို့ပဲ ပြောလို့ရတာပေါ့။
မေး။ ။ အထူးသဖြင့် နယ်စပ်တကြောက စခန်းတွေကို ကေအဲန်ယူက အဓိကထား ထိုးစစ်ဆင် ရှင်းထုတ်ရတဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါလား။
ဖြေ။ ။ စစ်ရေးလမ်းစဥ်အတိုင်းအကောင်အထည်ဖော်တာဖြစ်တယ်။ အဲဒီလမ်းစဥ် အတိုင်း ကျနော်တို့ကတော့ အကောင်အထည်ဖော်တာပေါ့။ ကျနော်တို့အခြေအနေနဲ့ ကိုက်ညီတဲ့ ဟာကိုတော့ လုပ်ရမှာပဲ။ အဓိကကျဆုံးကတော့ လူထုမနာအောင်ပဲထည့်စဥ်းစားနေရတယ်။ ကျနော်တို့ အဆင်ပြေရင်ပြီးရော လူထုဘာဖြစ်ဖြစ်ဆိုတာကတော့ အဆင်မပြေဘူး။
အဲဒီတော့ စစ်ရေးနည်းလမ်းကလည်း သူများနဲ့မတူနိုင်ဘူး။ ကိုယ့်အခြေအနေနဲ့ကိုက်ညီတာကိုလုပ်မယ်။ ဒီအခါကျတော့ အားမလိုအားမရတဲ့အပိုင်းလေးတွေ အများကြီးရှိတယ်။ ကိုယ့်ရဲ့အခြေအနေက ဒီလိုပဲပေးလာတာကို ကိုယ်ကဒီထက်ကျော်လွန်ပြီး သွားလုပ်မယ်ဆိုရင် သိပ်အဆင်မပြေဘူး။ အဲဒါကြောင့် ဒီဘက်ပိုင်းမှာတော့ အထူးသဖြင့် သတိထားမိမယ်ဆိုရင် နယ်စပ်ပိုင်းမှာ ကျနော်တို့ နယ်မြေရယူတဲ့အပိုင်းက ပိုများတယ်။
ဒီလိုပြောတဲ့အခါမှာလည်း အထဲမှာမလုပ်ဘူးလားဆိုတော့ တပ်မဟာ(၂)၊ တပ်မဟာ(၃)ဘက်မှာ လုပ်နေ တာပဲ။ ရန်ကုန်-မန္တလေးကားလမ်းမနဲ့ စစ်တောင်းမြစ်အရှေ့ဘက်၊ အနောက်ဘက်မှာ လုပ်နေတာလည်း ၂၀၂၁ နောက်ပိုင်းမှာပဲ။ ဒါတွေကသူများတွေနဲ့မတူဘူး။ မတူတာက ကိုယ့်အခြေအနေနဲ့ကိုက်ညီအောင်လုပ်ရတာ။
တစ်ဖက်မှာလည်း စစ်တပ်က ကျနော်တို့လူထုကို လက်နက်ကြီးနဲ့လေယာဥ်နဲ့ပစ်လို့ ထွက်ပြေး တိမ်းရှောင်နေရတာ တစ်သန်းကျော်ပြီ။ ထိုင်းနိုင်ငံထဲမှာခိုလှုံနေရတာလည်း တစ်သိန်းခွဲလောက်ရှိတယ်။ အဲဒီမှာ စားနပ်ရိက္ခာမရတော့ဘူးဆိုတာ ဒီဒုက္ခကလည်း ကျနော်တို့ ပုခုံးပေါ်ကျလာတယ်။ ဆိုတော့ နိုင်ငံရေး၊ စစ်ရေးအရ ဘယ်လိုပဲဖြစ်ဖြစ်လုပ်ဆောင်ရင် လူထုကိုအမြဲထိပ်ဆုံးမှာထားပြီး လုပ်ရတဲ့အနေအထားရှိတယ်။
မေး။ ။ နယ်မြေထဲမှာ လက်ရှိ ကျန်နေတဲ့နယ်စပ်စခန်းတွေကို တိုက်ထုတ်ရရှိပြီးတဲ့နောက်ပိုင်းမှာရော ကေအဲန်ယူအနေနဲ့ အကျိုးအမြတ်က ဘာတွေရှိနိုင်မလဲ။
ဖြေ။ ။ အကျိုးအမြတ်တွေကတော့ အများကြီးရှိတာပေါ့။ ဆုံးရှုံးသွားတဲ့ကိုယ့်နယ်မြေကိုယ်ပြန်ရတာက ပထမဆုံးအချက်ပဲဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ပါဝါကလည်း ဒီနယ်မြေထိန်းချုပ်နိုင်မှု အားမှာ အများကြီးမူတည်တယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က အိမ်နီးချင်းတွေရော နိုင်ငံတကာတွေရော ကျနော်တို့အပေါ်မြင်တဲ့ရှုမြင်ချက်တွေက မတူဘူး။ ဘာလို့မတူလဲဆိုတော့ ကျနော်တို့ နယ်စပ်တကြောမှာ ကျနော်တို့နယ်မြေတွေလက်လွှတ်ဆုံးရှုံးခဲ့ရတဲ့အနေအထားမျိုး ကြုံခဲ့ရတယ်။ ဒါတွေအားလုံး ၉၀ ရာခိုင်နှုန်းလောက် ကျနော်တို့လက်ထဲပြန်ရောက်လာတဲ့အခါမှာ သိပ်ထွေ ထွေ ထူးထူးပြောစရာမရှိဘူး။
နောက်တစ်ချက်ကတော့ ကျနော်တို့ကော်သူးလေအစိုးရကို ကြေညာတော့မယ်ဆိုတာက ပြောပြီးသား။ ပြင်ဆင်မှုအပိုင်းမှာပဲရှိသေးတယ်ဆိုပေမယ့် ၈၀ ရာခိုင်နှုန်းကျော်လောက်တော့ ပြီးသလောက်ရှိပြီ ဆိုတော့ အကောင်အထည်ဖော်ဖို့ပဲ လိုတယ်လေ။ ဆိုတော့ လိုအပ်ချက်အရ ရထားတဲ့နယ်မြေကို ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်နိုင်ဖို့က သိပ်အရေးကြီးတယ်။ ဒီလိုအုပ်ချုပ်နိုင်ဖို့အတွက်က အရင်းအမြစ်တွေ အများကြီးလိုတယ်။
အရင်းအမြစ်ဆိုတာ လူသားအရင်းအမြစ်လိုသလို ရုပ်ဝတ္ထုပစ္စည်းကအများကြီး စကားပြောတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကတည်းကပြန်ကြည့်လိုက်မယ်ဆိုရင် နယ်စပ်တစ်ကြောမှာက ကုန်သွယ်ရေး လုပ်တဲ့ဖွင့်တဲ့နေရာက ၁၀ ခုထက်မနည်းရှိတယ်။ ဒါတွေက ကျနော်တို့လက်ထဲမှာ အကုန်ပြန်ရောက်လာပြီ။ နယ်စပ်မှာရှိတဲ့မြို့တွေပါ ရလာပြီဆိုရင်တော့ ကိုယ်တည်ထောင်မယ့် ကော်သူးလေအစိုးရဟာ ဘဏ္ဍာရေးမရှိဘဲနဲ့လည်ပတ်လို့မရဘူးဆိုတာက အစိုးရတစ်ရပ်ကို လည်ပတ်ဖို့ဆိုရင် ဘာအရင်းအမြစ်မှမရှိဘဲ လုပ်လို့မရဘူး။ တောက်လျှောက်တိုက်နေရတာနဲ့ပဲ အုပ်ချုပ်ရေးလုပ်ငန်း၊ လူထုဝန်ဆောင်မှုလုပ်ငန်းကို လုပ်ချင်သလောက်လုပ်လို့မရဘူး။ စစ်ရေး လုပ်နေသလို အုပ်ချုပ်ရေးနဲ့လူထုဝန်ဆောင်မှုလုပ်ငန်းလုပ်ဖို့အရင်းအမြစ်က ကျနော်တို့ နယ်စပ်တစ်ကြောမှာရတယ်။

မေး။ ဒီတော့ ဒီနေရာတွေကို ရေရှည်ထိန်းသိမ်းနိုင်ဖို့အတွက်က ကေအဲန်ယူအနေနဲ့ ဘယ်လိုပြင်ဆင်ထားလဲ။ ကြုံတွေ့လာနိုင်တဲ့စိန်ခေါ်ချက်တွေက ဘာတွေရှိမလဲ။
ဖြေ။ ။ နယ်မြေတစ်ခုရပြီဆိုရင် ဒီနယ်မြေကိုထိန်းဖို့ဆိုတာ အလိုအလျောက်လိုက်ပါလာတာပဲ။ ဒီအတွက်ပြင်ဆင်မှုတော့ တကယ်လိုအပ်တယ်။ လူအင်အားလိုတယ်။ လူအင်အား သုံးလေးငါး ထောင်တည်းနဲ့ ဒီလောက်ကျယ်ပြန့်တဲ့နယ်မြေက ဘယ်လိုမှမဖြစ်နိုင်ဘူး။ တပ်မဟာ(၄)တစ်ခုမှာ တည်းမှာပဲ ကြည့်လိုက်ပါ။ ရှိတဲ့တပ်ရင်း သုံး၊ လေး၊ ငါးရင်း ဘယ်လိုမှမလုံလောက်နိုင်ဘူး။ လူထုအုပ် ချုပ်ရေး သေချာလုပ်နိုင်ဖို့က လူအင်အားလိုတယ်။
အထူးသဖြင့် ကရင်ပြည်သူလူထုအပါအဝင် ကျနော်တို့နယ်မြေထဲက လူထုအားလုံးရဲ့ပါဝင်မှု လိုအပ်တယ်။ ကာကွယ်ရေးလုပ်ငန်းကတော့ ကျနော်တို့လက်ထဲမှာပဲရှိတယ်။ ဒီနယ်မြေကို စစ်ကောင်စီလက်ထဲပဲထိုးအပ်ချင်သလား။ ဒီနယ်မြေကို ကိုယ်တိုင်ရယူပြီးတော့ သေချာကာကွယ်ဖို့ လုပ်မလား ကိုယ့်ဘာသာစဥ်းစားတော့ဆိုတာ ပြောချင်တယ်။
မေး။ နှစ်နိုင်ငံရဲ့နယ်စပ်မျဥ်းကြောင်းဆက်စပ်နေမှုအရ စီးပွားကူးသန်းကိစ္စနဲ့ပတ်သက်ပြီး ကေအဲန်ယူရဲ့စဥ်းစားထားချက်ကို သိပါရစေ။
ဖြေ။ ဒါကလည်း ကျနော်တို့ပြင်ဆင်မှုအထဲမှာရှိပြီးသားပါ။ ကိုယ်တိုင်ကြုံရမယ့်အခြေအနေပဲ။ ကိုယ့်လက်ထဲရောက်လာပြီဆိုရင်တော့ဗရုတ်သုတ်ခအခြေအနေနဲ့ ဟိုနေရာမှာထားလိုက်ပြီးတော့ ဟိုကောက်ဒီကောက်တော့ကျနော်တို့ လုံးဝမလုပ်ချင်ဘူး။ ဒါကြောင့် စနစ်တကျနဲ့ နိုင်ငံအဆင့် လုပ်နိုင်တဲ့အနေအထားကို တစ်ပါးသူတွေက ကျနော်တို့ကိုအစိုးရချင်းအဆင့်လောက် ချက်ချင်းလက်ငင်း အသိအမှတ်မပြုနိုင်ဘူး။ ကိုယ်တိုင်ကတော့ အစိုးရအဆင့်တစ်ရပ်အနေနဲ့ ပုံစံပေါ် အောင်ကြိုးစားယူရမှာပဲ။ ဒါတွေပြင်ဆင်ဖို့ရှိတယ်။
လူဝင်မှုကြီးကြပ်ရေးကိစ္စတွေက ကိုယ့်လက်ထဲရောက်လာတဲ့အခါမှာ တကယ်အစိုးရ တစ်ရပ်ရဲ့ပုံစံ အတိုင်းလုပ်နိုင်ဖို့ ကျနော်တို့စဥ်းစားတယ်။ ဒီအတိုင်းပဲပြင်ဆင်ထားတယ်။ လူငယ်တွေကို လည်းပြော ထားရုံတင်မက လိုအပ်တဲ့ပြင်ဆင်မှုမှန်သမျှ ကျနော်တို့လုပ်ထားတာရှိတယ်။
မေး။ နယ်စပ်အားလုံးစခန်းအားလုံး ကင်းစင်သွားတဲ့အခါ ထိုင်းနဲ့နှစ်နိုင်ငံ ဆက်ဆံရေးဘယ်လိုအနေအထားရှိလာနိုင်လဲ။
ဖြေ။ ။ နှစ်နိုင်ငံဆက်ဆံရေးကတော့ ရှိထားပြီးသားပါ။ ဟိုးရှေးကတည်းက ကျနော်တို့ ကရင်လူမျိုးက ဟိုဘက်ခြမ်းလည်းနေတယ်၊ ဒီဘက်ခြမ်းလည်းနေတယ်။ ထိုင်းထဲမှာနေတဲ့ကရင်လူမျိုးက သန်းကျော် တယ်လေ။ ဒီလိုရှိတဲ့အခါကျတော့ သိပ်ပြီးမထူးဆန်းတော့ဘူး။ တခုခုလုပ်ပြီဆိုရင်တော့ အကုန်လုံး ထည့်တွက်စဥ်းစားရမယ်လေ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့က ကိုယ်တည်ဆောက်မယ့် တိုင်းပြည်မှာလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်။ ဒါပေမဲ့ ကျနော်တို့အရင်ကကြိုးစားခဲ့တဲ့ နည်းလမ်း တွေဖြစ်တဲ့ အစိုးရနဲ့ဆွေးနွေးတာ စစ်တပ်နဲ့ဆွေးနွေးတာ လုံးဝမလုပ်ဖူး၊ နားလည်းမထောင်တော့ဘူး။ ကိုယ့်ဟာကိုယ် တည်ဆောက်တော့မယ်။ ကိုယ်နဲ့ဝါသနာ၊ ခံယူချက်တူတဲ့သူတွေ၊ လူမျိုးစုတွေနဲ့ကိုယ်က လက်ချင်းချိတ်ပြီးတော့ တည်ဆောက်တော့မယ်။
အောက်ခြေကစတဲ့ Bottom up ဆိုတာ အဲဒါကိုပြောတာ။ ပြည်နယ်တစ်ခုချင်း ယူနစ်တစ်ခုချင်း ပေါင်းစည်းလာပြီးတော့ စုစည်းလာကြမယ်။ အဲဒီလိုစုစည်းလာရင်းနဲ့ပဲ ပြည်ထောင်စုအဆင့် ဘယ်လို တည်ဆောက်ကြမလဲဆိုတာ နောက်တစ်ဆင့်စဥ်းစားမယ်။ အခုလောလောဆယ် G to G ပဲ ဆိုပြီး ကျနော်တို့ကိုအသိမှတ်မပြုလည်း ဝမ်းနည်းစရာမရှိဘူး။ ဒါပေမဲ့ တစ်ခုသူတို့သိရမှာက ကျနော်တို့ ကိုမဆက်ဆံလို့မရဘူး။ ဒါကရှင်းရှင်းလေးပဲ။ ဒီလို တဆင့်ချင်းစဥ်းစားထားတဲ့အပေါ်မှာ ပြင်ဆင်ထားတယ်။
ကိုယ်တည်ဆောက်မှာ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ သေချာတဲ့အတွက် ဘယ်သူအစိုးရ လဲဆိုတာတော့ ကျနော်လည်း အတိအကျပြောလို့မရသေးဘူး။ ဒါပေမဲ့ ဒေသန္တရအစိုးရတစ်ရပ်ဖြစ်တဲ့ ကျနော်တို့ကိုယ်တိုင်က ကိုယ့်နယ်မြေထဲမှာ ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်ပြီးတော့ အစိုးရတစ်ရပ်အနေနဲ့ ဖော်ဆောင်သွားမှာတော့ သေချာတယ်။
မေး။ ။ မြန်မာပြည်မြောက်ပိုင်းမှာဆိုရင် ပြီးခဲ့သော ၁၀၁၇ စစ်ဆင်ရေးထဲမှာ နယ်မြေတော်တော်များများ သိမ်းပိုက်နိုင်တယ်။ ဒါပေမဲ့တရုတ်အစိုးရ ဖိအားဝင်လာတော့ ပြန်ပေးလိုက်ရတာတွေလည်း ရှိတယ်။ တောင်ပိုင်းအခြေအနေကရော ဒါမျိုးစိုးရိမ်ရတာတွေ ရှိလားနိုင်မလား။
ဖြေ ။ ။ တရုတ်နယ်စပ်မှာဖြစ်တာနဲ့ ထိုင်းနယ်စပ်မှာဖြစ်တာကတော့ မတူဘူးဗျ။ တူတဲ့ဟာကတော့ ကျနော်တို့က နိုင်ငံရေးအရရော စစ်ရေးအရရော စည်းလုံးမှုရှိဖို့လိုတယ်။ အထူးသဖြင့် စစ်အာဏာရှင်ကို ဘုံရန်သူအဖြစ်မြင်ပြီးတော့ တိုက်တဲ့အဖွဲ့အစည်းတွေကြားထဲမှာ လျော့လျော့ရဲရဲရှိနေတဲ့ စည်းလုံး ညီညွတ်မှုကနေ နိုင်ငံရေးအရ စစ်ရေးအရစည်းလုံးညီညွတ်တဲ့အဆင့်ကိုရောက်ဖို့ ကြိုးစားဖို့လိုတယ်။
အဲဒီအဆင့်ကိုရောက်ပြီဆိုရင်တော့ စစ်ကောင်စီဘက်က ပြန်ပြီးထိုးစစ်ဘယ်လောက်လုပ်လုပ် မှုစရာ မလိုတော့ဘူး။ ဒါကိုသင်ခန်းစာယူပြီးတော့ တောင်ပိုင်းမှာပြင်ဆင်ထားမယ်ဆိုရင် ဘာမှစဥ်း စားစရာမလိုဘူး။ ဆက်ပြီးကြိုးစားစရာမလိုဘူးလို့ ပြောတာမဟုတ်ဘူးနော်။ အထူးသဖြင့် စစ်ကောင်စီ ကို ဘုံရန်သူအဖြစ် တိုက်နေတဲ့အဖွဲ့တွေအနေနဲ့ နိုင်ငံရေးအရရော၊ စစ်ရေးအရရော တကယ့်ဦး စားပေးအနေနဲ့ ပြန်လုပ်ဖို့အချိန်တန်ပြီ။
စစ်ကောင်စီဘက်ကတော့ သူ့ဆုံးရှုံးထားတဲ့နယ်မြေတွေကို ပြန်တိုက်မယ်ဆိုတာပြောပြီးသား သူလုပ် မှာပဲ။ သူလုပ်မယ်ဆိုပေမယ့်လည်း ဒီလောက်ကြောက်စရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုနောင်ချိုတစ်ခုပဲကြည့်။ နောင်ချိုတစ်ခုပဲ သူပြန်သိမ်းတာတောင် တစ်နှစ်လောက်ကြာတာ။ ကျန်တဲ့ ၉၅ မြို့မှာ တစ်နှစ်ကိုတစ်မြို့လောက်တွက်ကြည့်၊ ၉၅ နှစ်ကျန်သေးတယ်။ ပြောချင်တာ ကျနော်တို့ စိုးရိမ်စရာမလိုဘူး။ တစ်ခုပဲရှိတယ် ရန်သူကိုအထင်လည်းမကြီးနဲ့၊ အထင်လည်းမသေးနဲ့။ ကိုယ့်ဘက်က စည်းလုံးညီညွတ်မှုတည်ဆောက်ထားနိုင်မယ်ဆိုရင် ဒါတွေကိုဘာမှပူစရာမလိုဘူး။
မေး။ ။ ကရင်နယ်စပ်မှာလည်း အင်အားများတဲ့ လက်နက်ကိုင်အင်အား ၄ ဖွဲ့မကရှိတယ်။ ကိုယ့်နယ်မြေကိုအုပ်ချုပ်တဲ့အခါမှာ ဒီလက်နက်ကိုင်အဖွဲ့တွေရဲ့ကဏ္ဍက ဘယ်လိုရှိမလဲ။
ဖြေ။ ။ ဒါလည်း ကျနော်တို့စဥ်းစားရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါကလည်း ကျနော်တို့ ကော်သူး လေ စစ်ရေးယန္တရားကို တည်ဆောက်တဲ့အခါမှာ ဒီလိုကွဲကွဲပြားပြားဖြစ်နေလို့မရဘူး။ ဒါပေမဲ့ ချက်ချင်း လက်ငင်း အကောင်အထည်မဖော်နိုင်တဲ့အနေအထားမျိုးမှာတော့ ရေရှည်လုပ်ငန်းစဥ် တစ်ခုအနေနဲ့ လုပ်သွားရမယ့်အပိုင်းတွေတော့ရှိတယ်။ ဒါကလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက စဥ်းစား ထားပြီး တော့ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ရှိပြီးသားပါ။ ဒါကြောင့် သိပ်ပြီးစိုးရိမ်စရာမလိုဘူး။ ဒီထက်ပို ဝိရိယစိုက်ပြီးတော့ ကိုယ့်ကရင်အချင်းချင်း မတိုက်ခိုက်ဘူးဆိုတဲ့အနေအထားကနေ တစ်ဆင့် တက်လာအောင်တော့ ကျနော်တို့ကြိုးစားဖို့လိုနေပြီဆိုတာ ပြောချင်တယ်။

မေး။ နောက်ဆုံးအနေနဲ့ မေးချင်တာက နယ်စပ်အခြေအနေအားလုံး ကေအဲန်ယူ လက်ထဲ ရောက်ရှိမယ်ဆိုရင် နောက်တဆင့် မျှော်မှန်းချက်က ဘာတွေရှိနိုင်မလဲ။
ဖြေ။ ။ ကျနော်တို့မူဝါဒက ရှင်းရှင်းလင်းလင်းရှိထားပြီးသား။ စစ်အာဏာရှင်စနစ်နဲ့ ဘယ်လို အာဏာရှင်စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေးဆိုတာ ဒီတိုင်းပါးစပ်နဲ့ပြောလို့မရဘူးဗျ။ စစ်ရေးရော နိုင်ငံရေးရော နည်းလမ်းပေါင်းစုံနဲ့တိုက်ပြီးယူရမှာ။ အခုနယ်စပ်တစ်ကြောလုံးပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်ပြီဆိုရင် နောက်တစ်ဆင့်ကတော့ ခြေလှမ်းတစ်လှမ်းလာတော့မယ်။
ဒါကြောင့် ကျနော်တို့ကပြင်ဆင်မှုလည်းလိုတယ်။ စည်းလုံးညီညွတ်ဖို့လည်းလိုတယ်။ လူငယ် တွေကလည်း ဒါကိုသေချာနှလုံးသွင်းပြီးတော့ ငါတို့လက်ထဲမှာ ငါတို့ကံကြမ္မာရှိတယ်။ ဒီကံကြမ္မာကို ငါတို့ပုံမဖော်သရွေ့ ဘယ်သူမှလာပုံမဖော်ပေးဘူးဆိုတာ သိပြီးတဲ့တစ်နေ့ ကိုယ်တိုင်အကောင်အထည်ဖော်ဖို့ပဲ ကျန်တယ်ဆိုတာ ပြောချင်တယ်။
ကျနော်တို့ကေအဲန်ယူကတော့ ဒီလိုပဲမူဝါဒချပေးလာတာ အခုမှမဟုတ်ဘူး။ ၁၉၅၆ ခုနှစ်ကတည်းက ဖက်ဒရယ်တည်ဆောက်မယ်ဆိုတာ ဒီတိုင်းပြည်ကို ကျနော်တို့မူဝါဒချပြီးသား။ အခု ၂၀၂၅ ဆို ၆၉ နှစ်ပြည့်ပြီ။ ဒီတိုင်းပြည်မှာ လူမျိုးအားလုံး လူထုအားလုံး စည်းစည်းလုံးလုံးနေနိုင်ဖို့ဆိုတာ ဒီစနစ် ကလွဲပြီးတခြားဟာ ကျနော်တို့မမြင်သေးဘူး။ ဒါ့ကြောင့် ကျနော်တို့ကြိုးစားနေတယ်။ ဖြစ်လာ အောင်လည်း အားလုံးဝိုင်းပြီးကြိုးစားကြပါလို့ပဲ ပြောချင်တယ်ဗျ။



















