ဇွန် ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ကျေးရွာပေါင်း ၃၀ ဝန်းကျင်တွင် ပြီးခဲ့သည့် မေလအကုန်ပိုင်းက တိုက်ပွဲများဖြစ်ပွားပြီးနောက် လက်ရှိအချိန်ထိ နှစ်ပတ်အကြာ လျှပ်စစ်မီးပြတ်တောက် သွား သဖြင့် မီးရေးအခက်ကြုံနေရကြောင်း လောင်းလုံးဒေသခံများက ပြောသည်။
လောင်းလုံးမြို့နှင့် စမ်းလှမ်းကျေးရွာကြားရှိ စစ်ကောင်စီ လတ်ခတ်တောင်စခန်း အနီးတဝိုက်၌ တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ ပြီးခဲ့သည့် မေ ၃၀ ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် မြို့နယ်တစ်ခုလုံး လျှပ်စစ်မီး ဖြတ်တောက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများ ထံမှ သိရသည်။
ယခုလို နှစ်ပတ်ကျော်ကြာသည်အထိ လျှပ်စစ်မီးမရဖြစ်နေသည့် အပြင် မိုးရာသီဖြစ်၍ ဆိုလာများ အားအပြည့်မရ ဖြစ်နေပြီး အခကြေးငွေပေး ဖုန်းအားသွင်းနေရသည်ဟု လောင်းလုံးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဆိုလာကလည်း ခက်တာက ကျနော်တို့နေရာမှာ မိုးတော်တော် အားကောင်းတဲ့ရာသီ ဆိုတော့ နေက တော်တော်လေး မပွင့်ဘူး၊ ဖုန်းအားလေး ဘာလေးသွင်းဖို့လောက်ပဲ အဆင်ပြေတယ်။ အဲဒါတောင် ဖုန်းတစ်လုံးကို တစ်ထောင် တစ်ထောင့်ငါးရာပေးပြီးတော့ အားသွင်းနေရတယ်” ဟု အဆိုပါဒေသခံက ပြောသည်။
သို့သော် မိုးရာသီဖြစ်၍ လျှပ်စစ်မီးမရသည့်တိုင် ရေရရှိနေသေးသည့်အတွက် အဆင်ပြေနေသေးသည်ဟု ဒေသခံ များက ပြောသည်။ လက်ရှိ လောင်းလုံးမြို့နယ်အပါအဝင် ထားဝယ်ခရိုင် အတွင်း ဧပြီလ နောက်ဆုံးအပတ်မှစ၍ စက်သုံးဆီ သယ်ဆောင်ခွင့်ကို စစ်ကောင်စီက ပိတ်ဆို့ကန့်သတ်ထားသည့် အတွက် စက်သုံးဆီပြတ်လပ် နေသည် ဟု သိရသည်။
“စက်သုံးဆီကလည်း ဖြတ်ခံထားရတော့ ဈေးကြီးတယ်။ မှောင်ခိုဈေးနဲ့ဝယ်နေရတာ၊ အဲဒါကြောင့် ဆီသုံးပြီးလည် ပတ်ရတာတွေအတွက် အဆင်မပြေဘူး” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ဖြည့်စွက် ပြောသည်။
ထို့အပြင် မီးမရချိန် စက်သုံးဆီ အခက်အခဲကြောင့် လောင်းလုံးမြို့နယ်ရှိ ဖုန်းဆက်သွယ်ရေးတာဝါတိုင်အချို့ မီးမရ ဖုန်းလိုင်း တချို့ ပြတ်တောက်သွားကြောင်း၊ ယခုလို အခြေအနေများကြောင်း ကျောင်းဖွင့်ချိန် ပညာရေးဝန်ဆောင် မှုများလည်း ထိခိုက်နေသည်ဟု ဒေသတွင်းသတင်းဌာနများက သတင်းဖော်ပြထားသည်။
လက်ရှိ လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီက မေလကုန်ပိုင်းမှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာပြီး သုံးပတ်အတွင်း ကျေးရွာများရှိ ဒေသခံများ စစ်ဘေးရှောင်နေရသလို တချို့ ဖမ်းဆီးခံရမှုများလည်း ရှိသည်ဟု အဆိုပါ မြို့နယ်ရှိ သတင်းရင်းမြစ်များက ပြောသည်။



















