Home သတင်း Facebook ပေါ် ယူနီကုဒ်စနစ် အသုံးပြုလာနိုင်မှုသည် တိုင်းရင်းသားစာပေအတွက် ပြောင်းလဲမှု တစ်ရပ် ဟု ပညာရှင်များပြော

Facebook ပေါ် ယူနီကုဒ်စနစ် အသုံးပြုလာနိုင်မှုသည် တိုင်းရင်းသားစာပေအတွက် ပြောင်းလဲမှု တစ်ရပ် ဟု ပညာရှင်များပြော

564

ဇွန်လ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အင်တာနက် လူမှုကွန်ရက် Facebook ပေါ်၌ နိုင်ငံတကာစံနှုန်းဖြစ်သော ယူနီကုဒ် (Unicode)စံ စနစ်ကို အပြည့်အဝအသုံးပြုနိုင်တော့မည့်အခြေအနေသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား စာပေများစွာအတွက် ကြီးမားသည့် ပြောင်းလဲမှုတစ်ရပ်ဖြစ်သည်ဟု ကရင်စာပေနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ပြောဆိုလိုက်သည်။

Meta ကုမ္ပဏီက Facebook နှင့် Messenger ပေါ်တွင် မြန်မာဘာသာအသုံးပြုသူများအတွက် ဇွန်လ ၁၃ ရက်နေ့တွင် အသိပေးကြေညာခဲ့ပြီးနောက် ဇွန်လ ၂၆ ရက်နေ့မှ စတင်၍ မြန်မာဘာသာ (ယူနီကုဒ်) နှင့် မြန်မာဘာသာ (ဇော်ဂျီ) တို့အကြားအလိုအလျောက် စာသားပြောင်းလဲခြင်းကို Facebook ၌ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုအတွက်ကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားစာပေများစွာကို မှန်ကန်တိကျစွာ ဖော်ပြနိုင်တော့မည် ဖြစ်သည်။ ယခုလို အပြောင်းအလဲကြောင့် ကရင်၊ ရှမ်း၊ မွန်၊ ရခိုင် အပါအဝင် တိုင်းရင်းသား စာပေများအပြင် ၎င်းတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရန် ဒီဂျစ်တယ်ကမ္ဘာတွင် အခွင့်အလမ်းသစ်များ ပေါ်ထွက်လာသည်ဟု နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဆိုသည်။

ကရင်စာပေနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ စောအောင်မြင်က “Facebook ကနေ စာရေးပြီး ဖော်ပြနိုင်တဲ့အနေအထားဖြစ်တော့ စာပေအဆင့်အတန်းတွေကလည်း မြင့်မားလာမယ့်အနေအထား ပြောင်းလဲမှုတွေ ရှိလာမယ်။ ကိုယ့်ရဲ့ ယဥ်ကျေးမှုအတွေးအခေါ် အယူအဆဒီမှာ ကျယ်ပြန့်လာမယ်။ ဒီဂျစ်တယ်ခေတ်မှာ တိုင်းရင်းသားဘာသာစကားတွေကို ရေရှည်တည်တံ့ပြီးတော့ ဆင့်ပွားတိုးတက်ဖို့ Facebook ပေါ်မှာ ကျနော်တို့ ဒီတိုင်းရင်းသားယူနီကုဒ်ဘာသာကို ‌‌ထောက်ပံ့ပေးဖို့က ပထမဆုံးခြေလှမ်းပါ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယူနီကုဒ်ကဲ့သို့ စံသတ်မှတ်ချက်တူညီသော စာအရေးအသားစနစ်ကို အသုံးပြုခြင်းဖြင့် ဘာသာ ပြန်စနစ်များ၊ အသံထက်အက္ခရာပြောင်းလဲပေးသည့် နည်းပညာ (speech-to-text)၊ AI Chatbot များနှင့် အခြားသော နည်းပညာဆိုင်ရာ တိုးတက်မှုများအတွက် တိုင်းရင်းသားဘာသာစကားများ၏ ဒေတာများကို စနစ်တကျ စုစည်းအသုံးပြုနိုင်တော့မည်ဖြစ်၍ နောင်မျိုးဆက်များအထိ ရှင်သန်ဖွံ့ ဖြိုးစေမည့် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းလည်း စောအောင်မြင်က ဖြည့်စွက်ပြောသည်။

မြန်မာနိုင်ငံတွင် ယခင်က တွင်ကျယ်စွာအသုံးပြုခဲ့သော ဇော်ဂျီဖောင့်သည် ဗမာစာအတွက် အဓိက ရည် ရွယ်ပြီး ထုတ်လုပ်ထားသောကြောင့် တိုင်းရင်းသားစာပေများ၏ လွဲမှားခြင်း၊ ပုံပျက်ခြင်း၊ မပေါ်ခြင်း စသည့်တို့ကို မှန်ကန်စွာ မဖော်ပြနိုင်သည့် ပြဿနာနှင့်အတူ ဘာသာစကားအသုံးပြုသူများအတွက် Facebook ပေါ်တွင် မိမိတို့၏ ဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုရန် ခက်ခဲမှုများနှင့် ရင်ဆိုင်ခဲ့ရခြင်းများရှိကြောင်း သိရသည်။

ထို့ကြောင့် တိုင်းရင်းသားဘာသာစကားများအားလုံး တန်းတူညီမျှစွာ ရှင်သန်နိုင်ရေးအတွက် မြန်မာ နိုင်ငံရှိ Facebook အသုံးပြုသူများအားလုံး မိမိတို့၏ စက်ပစ္စည်းများတွင် ယူနီကုဒ်စနစ်သို့ အမြန်ဆုံး ပြောင်းလဲပြီး ဒီဂျစ်တယ်ခေတ်သစ်တွင် တစ်စိတ်တစ်ပိုင်း ပါဝင်ပံ့ပိုးပေးကြပါရန် ကရင်စာပေနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်လိုက်သည်။

ကရင်စာပေနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အနေဖြင့် ပြီးခဲ့သည့် ဖော်ဖော်ဝါရီလတွင် စကော ကရင်၊ အရှေ့ပိုးကရင်နှင့် အနောက်ပိုးကရင်စာများကို အွန်လိုင်းပေါ်သို့ အမှန်ရေးသားဖတ်ရှုနိုင်ရန် (Karen Unicode Campaign)ကို တလကြာ ပြုလုပ်ခဲ့သည်။ အဆိုပါ ကမ်းပိန်း ကာလအတွင်း ထူးခြား ရလဒ်အနေဖြင့် Facebook Team ထံမှ ၎င်းတို့၏ ပလက်ဖောင်းပေါ် ဘာသာစကား မှန်ကန်စွာ ဖော်ပြနိုင်သည်အထိ လုပ်‌ဆောင်ပေးမည့် တုန့်ပြန်ချက်များ ရရှိခဲ့သေးကြောင်း သိရှိရသည်။