Home သတင်း တနင်္သာရီ မောတောင်လမ်းပိုင်းရှိ ရွာများကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

တနင်္သာရီ မောတောင်လမ်းပိုင်းရှိ ရွာများကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

793

ဇွန်၂၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် မောတောင်လမ်းပိုင်းအတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

အဆိုပါ မောတောင် ထိုင်း-မြန်မာနယ်စပ်လမ်းရှိ ကြိမ်ချောင်းရွာနှင့် သိန်းခွန်းကျေးရွာများကို ဇွန် ၁၇ ရက်နေ့မှစ၍ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်ဟု သိန်ခွန်းရွာ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“လေယာဉ်နဲ့ လာကြဲတာနှစ်ရက်လောက်တော့ ရှိနေပြီး ဆက်တိုက်ဘဲ။ အသံဘဲကြားရတယ် လာလိုက်ရင်လည်း၊ ပြီးတော့ ဒီမောတောင်ဘက်မှာ စကစ ရဲ့စစ်ကြောင်းတွေလည်း ရှိနေတယ်။ ဘာမှ လုပ်ကိုင်စားသောက်လို့ကို မရ ဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက နှစ်ရက်ဆက် ဗုံးကြဲမှုများ လုပ်ဆောင်ရာတွင် လေကြောင်းမှ စက်သေနတ်များဖြင့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ကြိမ်ချောင်းရွာရှိ ဘုရားကျောင်း ထိခိုက်ပျက်စီးသွားသည်။ ထို့အပြင် သိန်ခွန်းရွာရှိ စာသင်ကျောင်း ထိခိုက်ပျက်စီး မှုများ ရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ သို့သော် ဒေသခံများ ထိခိုက်သူ မရှိ သေးကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များက မောတောင်လမ်းပိုင်းတလျောက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာမှုများ ကြောင့် အဆိုပါလမ်းပိုင်းရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

“စကစ တပ်တွေထက်ပြီး ရှေ့တတ်လာလို့ မရတော့ဘူး။ အဲ့တာကြောင့် လေကြောင်းကနေ ဗုံးကြဲတာတွေကို နေ့တိုင်း နီးပါးလိုလို လုပ်ဆောင်လာတာတွေ ရှိတယ်။ ပြီးခဲ့တဲ့နှစ်ရက်ကတော့ အဆောင်အအုံတွေ ထိခိုက်မှု ရှိခဲ့ပေမဲ့၊ ဒေသခံထိခိုက်မှုတွေတော့ မရှိသေးပါဘူး”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့် မေလအတွင်းက တနင်္သာရီ တိုင်းဒေသကြီးအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု ပေါင်း စုစုပေါင်း ၁၉ ကြိမ် ပြုလုပ်ခဲ့သည်ဟု သုတေသနအဖွဲ့တစ်ခုဖြစ်သည့် FE5 Thanintharyi ၏ လစဉ် အစီရင် ခံစာ၌ ဖော်ပြထားသည်။