ဇွန်လ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ၏
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ရွှေညောင်ပင်-နန်းချိန်ခွင် ရွာချင်းဆက်လမ်းပေါ်တွင် ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်က စစ်ကောင်စီ၏မိုင်းနင်းမိပြီး လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သံတောင်ကြီးဒေသခံထံမှ သိရသည်။
ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသား(၃)ဦးမှာ အဆိုပါရွာချင်းဆက် လမ်းသို့ဖြတ်သန်းလာစဥ် စစ်ကောင်စီထောင်ထားသော မိုင်းထိမိပေါက်ကွဲခဲ့ခြင်းဖြစ်၍ ထိခိုက်ဒဏ်ရာရသွားသည့် အမျိုးသား (၁)ဦးကို ဒေသတာဝန်ရှိသူများ၏ စီစဥ်ဆောင်ရွက်ပေးမှုဖြင့် ဆေးကုသမှုအတွက်ပို့ဆောင်ခဲ့ရသည်ဟု သံတောင်ကြီးဒေသခံ အမျိုးသမီးက ပြောသည်။
၎င်းက “လမ်းပိတ်ထားပြီးတော့ ပိတ်ထားတဲ့လမ်းမှာမိုင်းထောင်ထားတာ စစ်သားတွေက။ လမ်းပေါ်မှာ သစ်ပင်လှဲထားတယ်ကွယ်။ သစ်ပင်လှဲထားတဲ့နေရာမှာ မိုင်းမြှုပ်ထားတာ။ အဲဒီသစ်ပင်ကို သွားရွှေ့ရင်းဖြစ်တာလို့ ကြားတယ်။ ဒဏ်ရာရသွားတဲ့တစ်ယောက်ကိုတော့ သူ့သူငယ်ချင်းကပဲ ရွာဘက်ကို ပြန်သယ်သွားပေးတယ်။ မထိတဲ့နောက်တစ်ယောက်ကတော့ သွေးလန့်ပြီးပြေးတာ ဟိုး ၁၃ မိုင်ထိရောက်သွားတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါလမ်းမှာ ယခင်ကတည်းက လမ်းသွားလမ်းလာ အသွားအလာရှိ၍ တောက်လျှောက်သွားလျှင် သံတောင်-တောင်ငူလမ်းမကြီးပေါ်သို့ ပေါက်ရောက်သည်။ ယခင်က ရွှေညောင်ပင်နှင့်နန်းချိန်ခွင် ရွာနားတွင် စနေကုန်း အမည်ရ စစ်ကောင်စီတပ်စခန်းတစ်ခုရှိသော်လည်း ယခုမူ တပ်စွဲထား သည့်တပ်ဖွဲ့ဝင်များမရှိဟု ဒေသနေထိုင်သူများ၏ပြောပြချက်အရ သိရသည်။
သို့သော် မနီးမဝေးတွင် တောပြာကြီးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းနှင့် ၁၆ မိုင်တပ်စခန်းအသေး နှစ်လုံးရှိပြီး အဆိုပါမိုင်းများကိုလည်း ၎င်းတို့ထောင်ထားခြင်းဖြစ်နိုင်သည်ဟု သံတောင်ကြီးနယ်ခံအချို့က ခန့်မှန်းပြောဆိုကြသည်။
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၂)နယ်မြေအတွင်းရှိသည့် သံတောင်ကြီးမြို့ နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်များ နှစ်ဖက်တိုက်ပွဲ အများအပြားဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကလည်း အရပ်သားထိခိုက်မှုများနိုင်သည့် လေကြောင်းကဲ့သို့ပစ်ခတ်မှုများကို ကျေးရွာများအပေါ် လုပ်ဆောင်ခဲ့သည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း သံတောင်ကြီးမြောက်ပိုင်း ယာဒိုကျေးရွာဘက်တွင် စစ်တပ်က လေကြောင်းပစ်ခတ်ခဲ့သဖြင့် ဒေသခံများနေရပ်စွန့်ခွာစဥ် လာရောက်တပ်စွဲ သည့်စစ်ကောင်စီက မြေမြှုပ်မိုင်းများကို အိမ်နေရာနှင့်လမ်းများပါမချန် ထောင်ထားခဲ့ဖူးသည်။
ထိုမိုင်းများကြောင့် တော်လှန်ရေးတပ်ဖွဲ့များအပါအဝင် အရပ်သားဒေသခံအချို့လည်း မိုင်းနင်းမိပြီး အသက်သေဆုံးနိုင်သော ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မြောက်ပိုင်းအခြေချနေသော ဒေသခံနှင့်တော်လှန်ရေးတပ်အသိုင်းအဝိုင်းက ကေအိုင်စီသို့ ပြောဆိုထားသည်။



















