Home သတင်း မယ်လစခန်း၌ အရက် ရောင်းချခွင့် ပြုသင့်မသင့် စစ်တမ်းကောက်

မယ်လစခန်း၌ အရက် ရောင်းချခွင့် ပြုသင့်မသင့် စစ်တမ်းကောက်

635

ဇွန် ၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများအနက် အကြီးဆုံး စခန်းဖြစ်သည့် မယ်လဒုက္ခသည် စခန်း၌ အရက် ရောင်းချခွင့် ပြုသင့်မသင့်ကို ဇွန် ၂ ရက်နေ့မှစ၍ စခန်းတွင်းနေထိုင်သူများအား စစ်တမ်းကောက်ယူ နေသည်ဟု စခန်းအတွင်းရေးမှူး စောဆန်းဒေးက ပြောသည်။

စစ်တမ်းကောက်ယူခြင်းသည် စခန်းကော်မတီဆုံးဖြတ်ချက် တစ်ခုတည်း မဟုတ်သလို စခန်းကိုစောင့်ကြည့် တာဝန်ယူထားသည့် ထိုင်းအာဏာပိုင်(ပလာ)၏ လမ်းညွှန်ချက်သည်လည်း ပါဝင်သည်ဟု အတွင်းရေးမှူး စောဆန်းဒေးက ယခုလို ပြောသည်။

“စခန်းထဲမှာ အခုနောက်ပိုင်း အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ရန်ဖြစ်တာတွေ များလာတယ်။ ဖြေရှင်းပေးရ တာတွေ များလာတော့ အဖြေပြန်သုံးသပ်ကြည့် လိုက်တဲ့အခါမှာ အရက်၊ မူးယစ်ဆေး သုံးစွဲတဲ့ အတွက်ကြောင့် ဖြစ်တာ များတယ်။ ဒီစစ်တမ်းကောက်ယူတာက ကျနော်တို့ စခန်းအတွင်းကဘဲ လုပ်တာ မဟုတ်ဘူး။ ထိုင်းတာဝန်ရှိသူ တွေက လမ်းညွှန်ချက်အတိုင်း ပူးပေါင်းပြီး လုပ်ဆောင်ပေးနေရတာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ အရက်ရောင်းချခွင့် ပြုသင့်မသင့်နှင့် ပတ်သက်၍ စခန်းအတွင်းရှိ ရပ်ကွက်များအလိုက် ဇွန်၂ ရက်နေ့မှစ၍ စစ်တမ်းကောက်ယူခဲ့ရာ ကနဦး ရလဒ်များအရ ၉၇ ရာခိုင်နှုန်းက ရောင်းချခွင့် မပြုရန် သဘောထား မဲပေးခဲ့သည် ဟု တာဝန်ရှိသူများထံမှ သိရသည်။

နောက်ဆုံးထွက်ပေါ်လာမည့် ရလဒ်ကို စခန်းတာဝန်ရှိသူများက ထိုင်းအာဏာပိုင် (ပလာ)ထံ သို့ အစီရင်ခံစာ တင်ပြရမည်ဖြစ်ပြီး အရက်ရောင်းချခြင်းနှင့် ပတ်သက်၍ မည်သို့ဆက်လက် ကိုင်တွယ်သွားရမည်ကိုမူ ထိုင်း တာဝန်ရှိသူနှင့် ဆက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း စောဆန်းဒေးက ဆက်ပြောသည်။

ထို့အပြင် မယ်လဒုက္ခသည်စခန်းထဲတွင် အရက်သောက်သုံးခြင်းအပြင် လူငယ်များအကြား မူးယစ်ဆေး သုံးစွဲသူ များလာသည့်အတွက် ထိုင်းအာဏာပိုင်(ပလာ)၏ လမ်ညွှန်ချက်ဖြင့် မူးယစ်ဆေး သုံးစွဲ သူများကိုတွေ့ရှိလျင် တစ်ဦးကို ငွေဒဏ် ဘတ် ၁,၀၀၀ ဒဏ်ရိုက်ခိုင်းပြီး ၃ ကြိမ်တိုင် စစ်ဆေးတွေ့ရှိပါက စခန်းတွင် နေထိုင်ခွင့်မပေးဘဲ ထွက်ခွာရမည်ဖြစ်ကြောင်း စည်းကမ်းချက်ထုတ်ပြန်ထား သည်ဟု သိရသည်။

မယ်လ ဒုက္ခသည် စခန်း၌ မူးယစ်ဆေးသုံးစွဲသူ များလာသည့်အတွက် ဒုက္ခသည် စခန်းအတွင်းရှိ မူးယစ်ဆေးဖြတ် ဌာန DARE ထံ၌ ၂၀၂၅ ခုနှစ်တွင် မူးယစ်ဆေးဖြတ်သူ အလွန်များပြားနေကြောင်း သိရသည်။