Home သတင်း ကျုံဒိုးရှိ စစ်ကောင်စီတပ်က တစ်ရက်အတွင်း လက်နက်ကြီး အလုံး ၁၀၀ ကျော် ပစ်ခတ်

ကျုံဒိုးရှိ စစ်ကောင်စီတပ်က တစ်ရက်အတွင်း လက်နက်ကြီး အလုံး ၁၀၀ ကျော် ပစ်ခတ်

413
Photo: (CDM-CJ)

ဇွန် ၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကျုံဒိုး-ကော့ကရိတ် အာရှလမ်းပိုင်းနှင့် ကျေးရွာများသို့ စစ်ကောင်စီတပ်က ဇွန် ၅ ရက်နေ့ တစ်ရက်အတွင်း လက်နက်ကြီး အလုံး ၁၀၀ ကျော် ပစ်ခတ်ဖျက်ဆီးနေသည်ဟု ဒေသတွင်းရှိ သတင်းရင်းမြစ်များက ပြောသည်။

ကျုံဒိုးမြို့အခြေစိုက် ခမရ (၅၄၅)၊(၅၄၆) တပ်နှင့် စစ်တပ်လက်နက်ကြီးတပ်ဖွဲ့ နေရာယူထားသည့် ကုန်းများမှ ကော့ကရိတ်-ကျုံဒိုး အာရှလမ်းပိုင်းတစ်လျှာက်နှင့် ဒေသတွင်းကျေးရွာများဘက်သို့ ဇွန် ၅ ရက်နေ့ နံနက် ၈ နာရီ ခန့် မှစ၍ ယခုညနေပိုင်းအထိ တစ်နေကုန်နီးပါးလက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေသည်ဟု မြေပြင် သတင်းရင်း မြစ်က ယခုလို ပြောသည်။

“ခမရ ၅၄၅-၅၄၆ တပ်နဲ့ ကျုံဒိုးမီးပုံကွင်း၊ ဂျိုင်းတံတား လက်နက်ကြီးအဖွဲ့ နေရာတွေကနေ ၅ တိုင်၊ ၇ တိုင်၊ ၉ တိုင် အထိ လမ်းမပေါ်ပစ်တယ်။ နွားခြံကုန်း၊ ၄ တိုင်၊ ကော့ဝါလဲ ဘက်တွေလည်း ပစ်တယ်။ ညတုံးက ဒရုန်းနဲ့ ရွာတွေကို ကြဲချတယ်။ ဒီနေ့ကတော့ တစ်နေကုန်ပစ်တယ်။ ညနေအထိဆို အလုံး ၁၀၀ ကျော်ပြီး” ဟု ၎င်းက ပြောသည်။

Photo: (CDM-CJ)

စစ်ကောင်စီအနေဖြင့် ကော့ကရိတ်သို့ စစ်ကူစစ်ကြောင်း ထွက်မရသည့်အတွက် ယခုလို လမ်းမနှင့် ရွာများကို ပစ်ခတ် ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ခန့်မှန်းပြောဆိုနေသော်လည်း သီးခြား အတည်မပြုနိုင်သေးသလို လက်ရှိ အချိန်ထိ ကျုံဒိုးမှ စစ်ကြောင်းထွက်မရအောင် တော်လှန်ရေးတပ်များက ပိတ်ဆို့ထားသည်ဟု သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်းမှစ၍ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းတလျှောက် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်း ဗုံးချခြင်းနှင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်မှာ နှစ်လဝန်းကျင်ရှိ ပြီး ဖြစ်သည်။

တော်လှန်းရေးပူးပေါင်းတပ်များကလည်း ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံး မှုများရှိနေပြီး သေဆုံးသွားသူများကို ဖားအံမြို့နယ်အတွင်းရှိ ဂျိုင်းကျေးရွာသုသန်သို့ သယ်ဆောင် သင်္ဂြိုလ် ပေးနေ သည်ဟု သိရသည်။