Home သတင်း စစ်ကောင်စီကြောင့် မေလအတွင်း နိုင်ငံတဝှမ်း အမျိုးသမီး ၉၂ ဦး သေဆုံးခဲ့

စစ်ကောင်စီကြောင့် မေလအတွင်း နိုင်ငံတဝှမ်း အမျိုးသမီး ၉၂ ဦး သေဆုံးခဲ့

759
Photo: KNU ( လယ်ဒို(ကျောက်ကြီး)မြို့နယ်၊ ကျွန်းကြီးကျေးရွာ မင်္ဂလာဆောင် တစ်ခုကို စစ်ကောင်စီက မေ ၂၅ ရက်၊ နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ပုံ)

ဇွန် ၆၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီကြောင့် ပြီးခဲ့သည့် မေလအတွင်း နိုင်ငံတဝှမ်း အမျိုးသမီး ၉၂ ဦး သေဆုံးခဲ့သည်ဟု မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) က ပြုစုထုတ်ပြန်သည့် စာရင်း၌ ဖော်ပြထားသည်။

အဆိုပါ မေလအတွင်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း၊ အကြောင်းအမျိုးမျိုးပြ သတ်ဖြတ်ခြင်းများကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီး ၈၁ ဦးရှိသည်ဟု BWU စားရင်း၌ ဖော်ပြထားသည်။

ယခုလို သေဆုံးခဲ့သူ အမျိုးသမီးအများစုသည် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၈၁ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၄ ဦး၊ အကြောင်းမဲ့ သတ်ဖြတ်မှုကြောင့် ၄ ဦး၊ အကျဉ်းထောင်အတွင်း ဆေးဝါး ကုသခွင့် မရခြင်းကြောင့် သေဆုံးခဲ့ရသူ အမျိုးသမီး ၁ ဦး နှင့်စစ်ကောင်စီ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကြောင့် သေဆုံးသူ ၂ ဦး ရှိခဲ့သည်။

သေဆုံးသူ အမျိုးသမီး ၉၂ ဦးထဲတွင် ၂၉ ဦးသည်အသက်(၁၈) နှစ် အောက် အမျိုးသမီးငယ်များ ဖြစ်ကြပြီး ထိခိုက် ဒဏ်ရာရရှိသူ ၈၁ ဦးထဲတွင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၇၀ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ ဦး၊ မြေမြှပ်မိုင်းကြောင့် ၃ ဦးနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ၁ ဦးတို့ ဖြစ်ကြောင်း BWU က ပြောသည်။

Photo: KNU ( လယ်ဒို(ကျောက်ကြီး)မြို့နယ်၊ ကျွန်းကြီးကျေးရွာ မင်္ဂလာဆောင် တစ်ခုကို စစ်ကောင်စီက မေ ၂၅ ရက်၊ နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ပုံ)

ထို့အပြင်သေဆုံးခဲ့သည့် အမျိုးသမီးများထဲ၌ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄၁ ဦး၊ ရခိုင်ပြည်နယ် အတွင်း ၁၆ ဦးနှင့် မန္တလေးတိုင်းဒေသကြီးမှ ၁၄ ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၁၄ ဦး၊ မွန်၊ ချင်း၊ ကချင် ပြည်နယ်တို့မှာ တစ်ဦးစီ နှင့် ပဲခူးတိုင်းဒေသကြီးတွင် ၁၀ ဦး အထိ ပါဝင်ကြောင်း သိရသည်။

ယခုလို အမျိုးသမီးများ သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့်ပက်သတ်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောက် ရေးအသင်း AAPP ၏ကောက်နုတ်ချက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေ ၃၁ ရက်နေ့အထိ နိုင်ငံတဝှမ်း၌ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂၃၅ ဦး သေဆုံး ခဲ့ရကြောင်း ဇွန် ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မြန်မာအမျိုးသမီးများသမဂ္ဂ (BWU)ကို ၁၉၉၅ ခုနှစ်မှ စ၍ ထိုင်း-မြန်မာနယ်စပ်ရောက် ၁၉၈၈ ခုနှစ် လူထုလုပ်ရှား မှုအတွင်း ပါဝင်ခဲ့သည့် အမျိုးသမီးခေါင်းဆောင်များက အလွှာပေါင်းစုံရှိ အမျိုးသမီးများ၏အသံကို ဖော်ကျူး နိုင်ရ မည် ဟူသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

BUW သည် လစဉ်အမျိုးသမီးဆိုင်ရာ သတင်းများ၊ သုံးသပ်ချက်များနှင့် အမျိုးသမီးအလုပ်သမားရေးရာနှင့် ပတ်သက်သည့် အစီရင်ခံစာများကို အလျင်းသင့်သလို ထုတ်ပြန်လေ့ရှိသည့် အဖွဲ့တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။