ဇွန်လ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံရှိ ဒုက္ခသည်များနှင့်နေရပ်ရွှေ့ပြောင်း နေထိုင်ရသူ (IDPs) များ အကူအညီရရှိရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ထုတ်ပြန်ချက်ထုတ်၍တောင်းဆိုသည်။
မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာဖြစ်ပွားခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခများ၊ နိုင်ငံရေးဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အတင်းအကြပ် နေရပ်စွန့်ခွာစေခြင်းခံရသည့် ကရင်အပါအဝင် အခြားတိုင်းရင်းသားများ၊ ဒုက္ခသည်များအား ဆက်လက်ထောက်ပံ့ရန် နိုင်ငံတကာအသိုင်းအဝိုင်းအား ကေအဲန်ယူ တောင်းဆိုထားသည်။
အတင်းအကြပ်နေရပ်စွန့်ခွာစေမှု တရားခံများကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းမှ အရေးယူ ရန်ဖြစ်ပြီး တိုင်းရင်းသားအားလုံး၏ တန်းတူညီမျှမှုနှင့်အခွင့်အလမ်းကိုအာမခံနိုင်သော ဖက်ဒယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေး ကေအဲန်ယူအနေဖြင့် ကြိုးပမ်းလျက်ရှိသည်ဟု ဆိုသည်။
နှစ်ပေါင်းများစွာပဋိပက္ခများကြောင့် ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ဘမ့်ဒုံယမ်း၊ ထမ့်မဟင်နှင့် အမှတ် (၁)၊ (၂) ကရင်နီဒုက္ခသည်စခန်းအပါအဝင် မြန်မာဒုက္ခသည်စခန်းပေါင်း ၉ ခုဖွင့်လှစ်ထားရပြီး လက်ရှိအထိ လူဦးရေ တစ်သိန်းနီးပါး ခိုလှုံနေသည်။ ကေအဲန်ယူထိန်းချုပ်နယ်မြေများတွင်လည်း အာဏာသိမ်းပြီး ပိုမိုဆိုးရွားလာသည့်ပဋိပက္ခများကြောင့် ယခု၂၀၂၅ခုနှစ်၊ မတ်လအထိ စစ်ဘေးရှောင် ၁၁ သိန်းကျော်ရှိနေကြောင်း ကရင်အရပ်ဖက်စစ်ရှောင်ကူအဖွဲ့များမှ သိရသည်။
ကုလသမဂ္ဂစာရင်းအရ မြန်မာနိုင်ငံတွင် ဒုက္ခသည်လူဦးရေ ၃.၅ သန်းကျော်ရှိသည်။ ထို့အပြင် မကြာသေးမီက အမေရိကန်ဘက်မှ ရပ်ဆိုင်းလိုက်သည့် စားနပ်ရိက္ခာထောက်ပံ့ရေးကိစ္စများကြောင့် ကရင်အပါအဝင် မြန်မာနိုင်ငံတဝှမ်း ဒုက္ခသည်များအတွက် နိုင်ငံတကာ အကူအညီရရှိမှုနည်းပါးလာခြင်းနှင့် စားနပ်ရိက္ခာရရှိမှုအပေါ် ပြင်းထန်သောရိုက်ခတ်မှုတို့ ဖြစ်စေခဲ့သည်ဟုလည်း ဒုက္ခသည်အရေး၊ စစ်ရှောင်အရေးလုပ်ဆောင်နေသည့် အဖွဲ့များက ထောက်ပြခဲ့ကြသည်။
အလားတူ ယနေ့ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်များကိုကူညီထောက်ပံ့မှုအဓိကပြုလုပ်သည့် The Border Consortium(TBC) ကလည်း ထိုင်းနှင့်နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာဒုက္ခသည် ၃ သန်းကျော်ကို အထောက်အပံ့ပိုပေးနိုင်ရန် တောင်းဆိုသွားသည်။
၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလ(၄)ရက်နေ့တွင်ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆုံးဖြတ် ချက်အရ နှစ်စဥ် ဇွန်လ ၂၀ ရက်နေ့ကို ကမ္ဘာ့ဒုက္ခသည်နေ့အဖြစ် သတ်မှတ်ကျင်းပကြနေကြပြီး ယခုနှစ်တွင်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတချို့၌ ကျင်းပပြုလုပ်ကြသည်။



















